၈. ၄. ၂၀၂၄
Written By Thandar
ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာတဲ့ မင်းသားနေမင်းက ❝အလင်းဖျော့ April ❞ ဇာတ်လမ်းတိုမှာ ချစ်သူပျောက်ကိုလိုက်ရှာရင်း သင်္ကြန်ကို မုန်းတီးနေတဲ့နေရဲနေရာက သူ့ကို ပရိသတ်မြင်တွေ့ရမှာပါလို့ ဆိုပါတယ်။
၁၅မိနစ်စာ အပိုင်း ၃ ပိုင်းပါဝင်မယ့် “အလင်းဖျော့ April” ဇာတ်လမ်းတိုကို မနက်ဖန် ဧပြီ ၉ ရက်ကနေ ဧပြီ ၁၁ ရက်နေ့အထိ ည ၇နာရီမှာ ကံသာ Facebook Page ကနေ တင်ဆက်ပြသမှာ ဖြစ်ပါတယ်။
“အတိတ်ကသင်္ကြန်မှာ အချစ်ရဲ့နာကျင်ခံစားမှုတွေနဲ့ ပြီးဆုံးခဲ့လို့ သင်္ကြန်ကို မုန်းတီးနေတယ်။ ဒါကြောင့်လဲ ချစ်သူပျောက်ကို လိုက်ရှာရင်း သင်္ကြန်ကို မုန်းတီးနေတဲ့ နေရဲအဖြစ် ပရိသတ်မြင်ရမှာပါ။ တစ်ချိန်မှာ နှစ်သစ်ရဲ့ ကြည်လင်တောက်ပ လှပသောသင်္ကြန်မှာ ပိတောက်ပန်းလေးနဲ့အတူ ကမ်းပေးလာတဲ့ လက်လေးကို ပြန်လည် တွေ့လိုက်ရတဲ့အခါ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ပရိသတ်နဲ့အတူ ခံစားကြည့်ချင်ပါတယ်”လို့ သရုပ်ဆောင် နေမင်းကဆိုပါတယ်။
သင်္ကြန်ကို အခြေခံထားတဲ့ Drama ဇာတ်လမ်း၊ ဇာတ်ညွှန်းကို Kan Thar Production Team က ရေးသားထားပြီး ဒါရိုက်တာနေသူရိန်က သရုပ်ဆောင်တွေဖြစ်တဲ့ နေမင်း၊ သိန်းလင်းစိုး၊ စိုင်းစည်တွမ်ခမ်း၊ အုပ်သာကျော်၊ သီရိကျော်၊ ကူကူး၊ ကိုလင်း (Studio K)၊ အာကြီး၊ ကျော်သိခ်၊ ယင်းမာ နဲ့ သက္ကလ မြို့သူမြို့သားတွေနဲ့အတူ ပဲခူးဒေသဘက်မှာ အကောင်းဆုံးပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
“ဒီဇာတ်လမ်းမှာ လူတစ်ယောက် သင်္ကြန်ရဲ့ အငွေ့အသက်ကို မခံစားချင်တာ၊ မုန်းတီးနေတာကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အဓိက Drama ဇာတ်လေးကိုမှ နောက်ဆုံးပျော်ရွှင်မှုလေးနဲ့ ဖန်တီးထားပါတယ်။ အရင်က သင်္ကြန်နဲ့ပတ်သက်ရင် ရာသီစာအပျော်ကားလေးတွေ ရိုက်ဖြစ်တယ်။ ဒီဇာတ်ကားကတော့ မတူဘူး။ သင်္ကြန်ကာလမှာ ပရိသတ်တွေလည်း တစ်နည်းတစ်ဖုံနဲ့ ခံစားမူရသတစ်ခုကိုတော့ ခံစားရမှာမို့ အားပေးပါဦးလို့ ပြောချင်ပါတယ် ”လို့ ဒါရိုက်တာ နေသူရိန် က MT News ကိုပြောပါတယ်။