MT News
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက တရုတ်တိုင်ပေ(ထိုင်ဝမ်) သမ္မတ Tsai Ing-wen အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေစဉ် လက်ခံတွေ့ဆုံခဲ့ကြသော အမေရိကန်အဖွဲ့အစည်းနှစ်ခုနှင့် ၎င်းတို့၏အဆင့်မြင့်အမှုဆောင်များကို လက်တုံ့ပြန်သည့်အနေဖြင့် ဧပြီလ ၇ ရက်တွင် ပိတ်ပင်တားဆီးမှုများပြုလုပ်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်မှုများကိုလည်း တားမြစ်ခဲ့ကြောင်း သိရသည်။
တရုတ်အစိုးရက အမေရိကန်အနေဖြင့် တရုတ်ပြည်မကြီးမှ တရုတ်တိုင်ပေခွဲထွက်နိုင်ရေးအတွက် ပံ့ပိုးမှုများပြုလုပ်နေ ကြောင်းလည်း စွပ်စွဲပြောကြားမှုများ ပြုခဲ့သည်။
Tsai Ing-wen နှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီတို့ တွေ့ဆုံဆွေးနွေးမှုအတွက် ပါဝင်ဆောင်ရွက်ခဲ့သော အမေရိကန်နိုင်ငံသို့ တရုတ်တိုင်ပေ၏ကိုယ်စားလှယ် Hsiao Bi-Khim ကိုလည်း ၎င်း၏ ပါဝင်ဆောင်ရွက်ခဲ့မှုကဏ္ဍအတွက် တရုတ်အစိုးရကပိတ်ဆို့မှုပြုခဲ့ကြောင်း သိရသည်။ ၎င်းအား တရုတ်အစိုးရကတရုတ်တိုင်ပေခွဲထွက်ရေးမူဝါဒအား အရိုးစွဲနေသူအဖြစ် စွပ်စွဲခဲ့ကာ ၎င်းနှင့်တကွ မိသားစုကိုပါ ဟောင်ကောင်ကျွန်းနှင့် မကာအိုတို့အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်ခွင့်ပိတ်ပင်တားမြစ်ခဲ့သည်။
ပိတ်ဆို့တားမြစ်ခြင်းခံခဲ့ရသော အမေရိကန်အဖွဲ့အစည်းနှစ်ခုမှာ Hudson Institute နှင့် Ronald Reagen Presidential Library တို့ဖြစ်ကြောင်းလည်း သိရသည်။ Hudson Institute က Tsai Ing-wen ကို လက်ခံတွေ့ဆုံကာအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှုဆုတံဆိပ်ကို မတ်လ ၃၀ ရက်က ချီးမြှင့်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Ronald Reagen Presidential Library တွင်လည်း Tsai Ing-wen နှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီတို့တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ထိုအဖွဲ့နှစ်ဖွဲ့စလုံးအနေဖြင့် ဟောင်ကောင်ကျွန်းနှင့် မကာအိုတို့အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံပိုင်နက်အတွင်းရှိ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း၊ တက္ကသိုလ်တို့နှင့် လဲလှယ်ခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အခြားလုပ်ဆောင်မှုတစ်စုံတစ်ရာကိုမျှ အတူတကွ ဆောင်ရွက်မှုမပြုရန် တားမြစ်ခံခဲ့ရခြင်းဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီလက်အောက်ရှိ တရုတ်တိုင်ပေရေးရာရုံးကလည်း တရုတ်တိုင်ပေရှိအဖွဲ့အစည်းနှစ်ခုကို ဧပြီလ ၇ ရက်တွင် ပိတ်ဆို့မှုများပြုခဲ့သည်။ ၎င်းတို့က တိုင်ပေမြို့အခြေ စိုက် The Prospect Foundation နှင့် Council of Asian Liberals and Democrats တို့ဖြစ်ကြောင်း သိရသည်။
Ref—Bangkok Post