၈. ၄. ၂၀၂၃
Written By Thandar
ပရိသတ်စိတ်ဝင်စားစရာ ကောင်းလောက်တဲ့ ဇာတ်ဝင်ခန်းတချို့ပါဝင်တဲ့ Drama ဇာတ်လမ်းတွဲ “အိမ်ထောင်” (The Marriage) ဇာတ်လမ်းတွဲမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေရှိခဲ့သလို အရမ်းလောင်ရတဲ့ ဒီကာရိုက်တာအတွက် ပိုပြီးတော့စီးမျောခဲ့ရတယ်လို့ သရုပ်ဆောင်ရတနာဗိုလ်က ဖွင့်ဟလာ ပါတယ်။
“ဒီဇာတ်လမ်းတွဲမှာ ဗိုလ်ရဲ့ကာရိုက်တာနာမည်က သူချစ်ခင်ပါ။ ဗိုလ်အမှန်အတိုင်းပြောရရင် ကိုယ့်ကာရိုက်တာအတွက် ဇာတ်ကိုဖတ်ဖတ်ချင်းမှာ ကြိုက်တဲ့အထဲမှာမပါဘူး။ ဗိုလ်အနုပညာသက်တမ်းတစ်လျှောက်မှာ အခုလိုဇာတ်လမ်းလုပ် ကွက်မျိုး တခါမှမလုပ်ဖူးဘူး။ ကိုယ့်အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ဆီကမ်းလှမ်းလာတဲ့ ကာရိုက်တာတွေကို လုပ်ကြည့်ချင်တယ် လုပ်ခွင့်လည်းရချင်တယ်။ဗိုလ်အပြင်မှာ မကြိုက်တဲ့ သူချစ်ခင် နေရာမှာလုပ်ကြည့်ရမယ်ဆိုတော့ အခက်အခဲတွေရော စိတ်ခေါ်မူတွေရောရှိခဲ့တယ်။ ဗိုလ် အခက်အခဲတွေ စိန်ခေါ်မှုတွေရှိခဲ့တဲ့ ဒီကာရိုက်တာအတွက် ပိုပြီးတော့စီးမျောရတယ်”လို့ ရတနာဗိုလ်က ဆိုပါတယ်။
အောင်သီရိ ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဇာတ်လမ်း လူညိုချောနဲ့ လုံမ၊ ဇာတ်ညွှန်း သီလံတို့ကရေးသားပြီး ဒါရိုက်တာ မယ်မင်းဘုံက သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ညီထွဋ်ခေါင်၊ ဗညားဘုန်းပြည့်၊ အကယ်ဒမီ ချောရတနာ၊ ရတနာဗိုလ်၊ ထက်ထက်ထွန်း၊ မေတိုးခိုင်၊ သင်းသဲဗို စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲက အပိုင်း ၂၅ ပိုင်းပါဝင်ပြီး လာမယ့် သင်္ကြန်ကာလထဲမှာ Mahar App ကနေ ပြသသွားမှာဖြစ်ပါတယ်။
“အိမ်ထောင်တစ်ခု ရေရှည်ထိန်းကျောင်းသွားဖို့က ခက်ခဲသလို ဒီလိုကာရိုက်တာမကောင်းတဲ့သူတွေလည်း အပြင်မှာရှိတယ်ပေါ့။ ကိုယ့်ရဲ့ လုပ်လိုက်တဲ့အပြုအမူကြောင့် တခြားမိသားစုပေါ်မှာ ထိခိုက်တဲ့အခါမှာ ကိုယ်ကရော ပျော်ရွှင်ခြင်းအစစ်အမှန်ရရှိရဲ့လားပေါ့။ ပျော်ရွှင်ခြင်း အစစ်အမှန်က ဘာလဲဆိုတာကို သူချစ်ခင် ကာရိုက်တာကို အတတ်နိုင်ဆုံး ဗိုလ်ကောင်းအောင် ပရိသတ်ရင်ထဲရောက်အောင် ကြိုးစားထားပါတယ်။ ဗိုလ်က အရမ်းလောင်ရမယ့်ကာရိုက်တာလေးပါ”လို့ သူမက ဆက်ပြောပါတယ်။