MT News
Written By Thandar
၂၀၂၀ ၊ ၂၀၂၂ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုအတွက် ဒုတိယအကြိမ် ဆန်ကာတင် ရုပ်ရှင်ဇာတ်ကား ၁၅ ကားပြန်ကြည့်ခဲ့တာမှာ ပိတောက်ကတဲ့ဂီတထဲမှာ ကျော်သူကအရမ်းကို သရုပ်ဆောင်ကောင်းခဲ့လို့ ကောင်းရင် ကောင်းသလိုမျိုး အမှတ်တွေပေးထားခဲ့ပြီး အကယ်ဒမီပေးတာ မပေးတာတော့ ကျွန်တော်တို့ မသိပါဘူးလို့ အကယ်ဒမီ အကဲဖြတ်အဖွဲ့ဝင် ရန်အောင်က ပြောပါတယ်။
“အခုကတော့ ဇာတ်ကားတွေ ပြန်ကြည့်တာ ဒုတိယအကြိမ် ကြည့်ရှုလို့က မနက်ဆိုပြီးမှာပါ။ ၂၀၂၀ ဇာတ်ကားနဲ့ ၂၀၂၂ ခုနှစ် ဇာတ်ကား ၂ နှစ်ပေါင်း ဆန်ကာတင် ၁၅ ကား ပြန်ကြည့်ရပါတယ်။ ကျွန်တော်တို့ ၂၀၁၉ ခုနှစ်က ကားတွေကြည့်ပြီးမို့ ကြည့်စရာမလိုဘူး။ဒီ ၂ နှစ်အတွက်ပဲ ပြန်ကြည့်ရတာပါ။ အကဲဖြတ်ရတာတော့ ဇာတ်ကားကောင်းတွေများတော့ ခက်ခဲတယ်။ ဇာတ်လမ်းကားကောင်းတွေများတယ်။ သရုပ်ဆောင်ကောင်းတွေ များတယ်လေ။ ဆုံးဖြတ်ရတာ အခက်အခဲဖြစ် တယ်။ တိုင်ပင်ပြီး မဲတွေပြန်ခွဲရတာတွေရှိတယ်။ ဒီမှာကတော့ ကားအရေအတွက်နည်းတော့ တကယ်ကောင်းတဲ့ကား စစ်ထုတ်ရတာလွယ်တယ်။ ခွဲထုတ်ရတာလည်း လွယ်ပါတယ်”လို့ အကယ်ဒမီအကဲဖြတ် အဖွဲ့ဝင် ရန်အောင်က ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၉၃ ကားရှိပေမယ့်လည်း ဆန်ကာတင် ဇာတ်ကား ၂၉ ကားရှိခဲ့ပြီး အကယ်ဒမီဆုအတွက်လည်း ချိပ်ပိတ်သိပ်ဆည်းထားပြီးဖြစ်ပါတယ်။ ၂၀၂၀ ၊ ၂၀၂၂ ခုနှစ် အတွက် ရုံတင်ပြသတဲ့ ဇာတ်ကား ၄၁ ကား ဖြစ်ပြီးတော့ ဒုတိယအကြိမ်မှာ ဆန်ကာတင် ၁၅ ကားကို ပြန်လည် စိစစ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ထပ်ဆင့်အကယ်ဒမီများရှင်တွေဖြစ်တဲ့ ရန်အောင်၊ မေသန်းနု တို့ကတော့ အကယ်ဒမီအတွက် အဓိကဇာတ်ဆောင်အမျိုးသားဆု၊ အဓိကဇာတ်ဆောင်အမျိုးသမီးဆု၊ အဓိက ဇာတ်ပို့ဆုအမျိုးသားဆုနဲ့ အဓိကဇာတ်ပို့အမျိုးသမီးဆု တို့ကို ရွေးချယ်ရတာလည်း ဖြစ်ပါတယ်။ အကယ်ဒမီအနေနဲ့ သုံးနှစ်စာပေါင်းပေးတာကို ဘဝမှာ တစ်ခါမှလည်း မကြုံဖူးခဲ့သလို ခေတ်အခြေအနေအရရော ဆုရမယ့်သူတွေအတွက်ရော ရင်ခုန်ပါတယ်လို့လည်း ဆိုပါတယ်။ အထူးဆုအနေနဲ့လည်း ၂၀၁၉ ခုနှစ်ကစပြီး ကလေးသရုပ်ဆောင်ဆု၊ မိတ်ကပ် အထူးဆု၊ အသံပိုင်း အထူးဆု ၊ Stylist ဆု စတဲ့ ဆုတွေကိုလည်း ရွေးချယ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။
“အကယ်ဒမီအတွက် အစ်ကို့ကား ဇာတ်ကား ၃ ကားတော့ ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မယူပါဘူး။ ပိတောက်ကတဲ့ဂီတဆိုရင် ဦးကျော်သူအရမ်းကို ကောင်းတာပါပဲ။ ကောင်းရင် ကောင်းသလိုမျိုး အမှတ်တွေပေးထားတာပါပဲ။ အကယ်ဒမီပေးတာ မပေးတာတော့ ကျွန်တော့်တို့ မသိဘူး။ ရှိတာ မရှိတာ၊ ပေးတာ မပေးတာတွေကတော့ ကျွန်တော်တို့က မသိပါဘူး။ ဘာကြောင့် အကယ်ဒမီပေးရတယ်ဆိုတာကို ကျွန်တော်တို့က မှတ်ချက်တွေ ပေးရပါတယ်။ အကြောင်းပြချက်ရှိမှ အကယ်ဒမီဆုကို ပေးလို့ရတာပါ”လို့ သူ့ကဆက်ပြောပါတယ်။