၆.၄.၂၀၂၃
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျနိုင်ငံနှင့် အီရန်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများက ၎င်းတို့နှစ်နိုင်ငံအကြား တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ မတ်လအတွင်းက ကြားဝင်စေ့စပ်ပေးခဲ့မှုနောက်ဆက်တွဲအဖြစ် နှစ်နိုင်ငံ အကျိုးတူဆက်ဆံရေးများပြန်လည်စတင်ရေးအတွက် အသေးစိတ်အချက်များကို ဧပြီလ ၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နှစ်နိုင်ငံအကြား ခုနှစ်နှစ်တာကာလအတွင်း ပထမဆုံးအဆင့်မြင့်ဆွေးနွေးပွဲအဖြစ် အီရန်နိုင်ငံခြားရေး ဝန်ကြီး ဟော့စိန် အမာ-အဗ္ဗဒိုလာဟိန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖေဆယ်လ် ဘင် ဖာဟန် အယ်လ်ဆော့ဒ်တို့ တွေ့ဆုံခဲ့ကြရာတွင် ၎င်းတို့နှစ်နိုင်ငံအတွင်း နှစ်ဖက်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ အပြန်အလှန်ဖွင့်သွားကြရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောခဲ့သည်။
၂၀၁၆ ခုနှစ်မှစ၍ သံအဆက်အသွယ်ပြတ်တောက်ကာဆက်ဆံရေးလုံးဝမရှိခဲ့သော ၎င်းတို့နှစ်နိုင်ငံက လေကြောင်းလိုင်းပြေးဆွဲမှုများ ပြန်လည်စတင်ရေး၊ တာဝန်ရှိပုဂ္ဂိုလ်များ ၏ချစ်ကြည်ရေးအဖွဲ့များနှင့် ပုဂ္ဂလိကကဏ္ဍတို့ အပြန်အလှန်ခရီးများလည်ပတ်ရေး၊ ပြည်ဝင်ခွင့်ဗီဇာများထုတ်ပေးရေးတို့အပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန်လည်း သဘောတူခဲ့ကြသည်။ သံရုံးများကိုလည်း ရီးယာ့ဒ်နှင့် တီဟီရန်မြို့များနှင့် ကောင်စစ်ဝန်ရုံးများကို ဂျက်ဒါးနှင့် မက်ရှ်ဟတ်မြို့များတွင် ဖွင့်လှစ်သွားရန် သဘောတူခဲ့ကြသည်ဟု သိရသည်။
အဆိုပါအစည်းအဝေးသည် ခုနှစ်နှစ်တာကာလအတွင်း နှစ်နိုင်ငံအကြား အစိုးရအဖွဲ့တာဝန်ရှိသူများ၏ အဆင့်အမြင့်ဆုံးတွေ့ဆုံပွဲဖြစ်ကာ မတ်လက ပေကျင်းမြို့တွင် နှစ်ဖက်သံတမန်အဆက်အသွယ် ပြန်လည်ထူထောင်ရန်သဘောတူခဲ့ကြပြီးနောက် ဆက်လက်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ ၎င်းတို့နှစ်နိုင်ငံအကြား ဤကဲ့သို့ သံတမန်ဆက်ဆံရေးပြန်လည်တည်ထောင်ကြစေရန်ဆောင်ရွက်နိုင်ခဲ့မှုက တရုတ်နိုင်ငံအဖို့ အမေရိကန်က ကြာမြင့်စွာလွှမ်းမိုးမှုပြုလုပ်ထားခဲ့ရာ ပင်လယ်ကွေ့ဒေသတွင် ကြီးမားသောသံတမန်အောင်ပွဲတစ်ရပ်အဖြစ်လည်းသုံးသပ်ရသည်။ တရုတ် နိုင်ငံတော်ကောင်စီဝင် ဝမ်ရိကလည်း အီရန်နှင့်ဆော်ဒီအာရေဗျအကြား ဤကဲ့သို့သဘောတူညီမှုရယူနိုင်ခဲ့ခြင်းက ဆွေးနွေးညှိနှိုင်းမှု ၏အောင်ပွဲရလဒ်ဖြစ်သလို ငြိမ်းချမ်းရေးအတွက်လည်းအောင်ပွဲဖြစ်ကြောင်း ပြောခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်းက ဆော်ဒီအာရေဗျတွင် ရှီအိုက်ဘာသာရေးခေါင်းဆောင်များကို ကွပ်မျက်ခဲ့ပြီးနောက် အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် ဆန္ဒပြသမားများက ဆော်ဒီအာရေဗျသံရုံးကိုဝင်ရောက်တိုက်ခိုက်ခဲ့သည်မှစ၍ နှစ်နိုင်ငံအကြားဆက်ဆံရေးများ ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။
Ref–CNN