ပြီးခဲ့သည့် မတ်လအတွင်းကလည်း မင်္ဂလာဒုံမြို့နယ်တွင် တက္ကစီသုံးစီးအား လုယက်ခံရမှုများ ဖြစ်ပွားထား
MT News
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝန်းအတွင်း ယနေ့ ဧပြီလ ၆ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က အငှားယာဥ်မောင်းကို အုတ်ခဲနှင့်ထုကာ ကားလုယက်သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း မေတ္တာအလင်းလူမှုကူညီရေးအသင်းမှတာဝန်ရှိသူက MT News သို့ ပြောသည်။
လုယက်ခံရသည့် ယာဥ်မှာ 7J/4925 AD Van (နွားကြီး) အမျိုးအစား ခဲဖြူရောင်ယာဥ်ဖြစ်သည်ဟု သိရသည်။ လုယက်ခံရသည့်ဖြစ်စဥ်မှာ ကားအား ငှားရမ်းလာသူ လူရွယ် ၂ ဦးက ဇေကမ္ဘာဝင်းထဲ အရောက်တွင် ယာဥ်မောင်းအားနောက်မှ ကြိုးဖြင့်သိုင်းကာ လမ်းခင်းအုတ်ဖြင့် ထုခဲ့ကြောင်း၊ ထို့နောက် ယာဥ်မောင်းအား ဇေကမ္ဘာ ၅ လမ်းတွင် ထားခဲ့ကာ ဖုန်းအပါအဝင် တက္ကစီမောင်းရငွေ ၅ သောင်းကျပ်ဝန်းကျင်ကိုလည်း လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
“ယာဥ်မောင်းက အသက်အတော်ကြီးပါပြီ။ ၆၇ နှစ်လို့တော့ ပြောပါတယ်။ သူလည်း ဒဏ်ရာနဲ့ သွေးတအားထွက်ပြီး လဲနေတာ။ ဖြတ်သွားဖြတ်လာတွေက အတော်ကြာမှ တွေ့ပြီးကျွန်တော်တို့ဆီ ပရဟိတအသင်းသားတွေ စုစည်းထားတဲ့ App ကတစ်ဆင့် အကြောင်းကြားတာဝင်လာတော့ နီးစပ်နေတဲ့ ကျွန်တော်တို့အဖွဲ့က အရင်ရောက်သွားတာပါ”ဟု မေတ္တာအလင်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူက ပြောသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း လုယက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် မတ်လအတွင်း တက္ကစီယာဥ်များ လုယက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ကာ လုယက်မှုတစ်ခုနှင့် တစ်ခုအကြား ၁၀ ရက်နှင့် တစ်ပတ်အတွင်းသာ ကွာခြားခဲ့သည်။ မတ်လ ၁၂ ရက်တွင် တစ်ကြိမ် ၊ မတ်လ ၂၂ ရက်တွင်တစ်ကြိမ်နှင့် ၂၈ တွင်တစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လုယက်ခံသည့်ယာဥ်များမှာ Probox Taxi ယာဥ်များချည်းသာဖြစ်ခဲ့သည်။ လုယက်ခံရသည့် နေရာမှာလည်း ပုလဲမြို့သစ်အိမ်ရာအနီးတစ်ဝိုက်တွင်သာဖြစ်ခဲ့ပြီး လုယက်ခံရသူများကို MT News သတင်းဌာနက ဆက်သွယ်မေးမြန်းမှုများအရ လူပုံပန်းသဏ္ဍာန်နှင့် လုယက်သူ ၄ ဦး မှ ၅ ဦး အတွင်းပုံစံတူလူများချည်းသာဖြစ်ကြောင်းနှင့် လုယက်မှု တူညီဖြစ်စဥ်များကို မှတ်တမ်းတင်သိရှိခဲ့ရသည်။