MT News
Written by Nay Moe
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ရှော့ခ်တိုက်ဒုံးငါးလုံးဖြင့် ယမန်နေ့ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ပစ်ခတ်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
ပစ်ခတ်မှုမှာ ဧပြီလ ၆ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်မှစတင်ကာ ရှော့ခ်တိုက်ဒုံးငါးလုံးဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တစ်လုံးမှာမူ ပြေးလမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်း သိရပြီး မီးလောင်ကျွမ်းမှုဖြစ်စဥ်များလည်း ရှိခဲ့သည်ဟု ကနဦးသတင်းများအရ စုံစမ်းသိရသည်။
အဆိုပါ ပစ်ခတ်မှုကို ဇေကမ္ဘာဝန်းအတွင်းမှ ပစ်ခတ်သည်ဟု ယူဆရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဇေကမ္ဘာဝန်းကို ပိတ်ဆို့စစ်ဆေးနေသည်ဟုလည်း သိရသည်။
ပစ်ခတ်မှုစတင်ဖြစ်ပွားစဥ် လေဆိပ်အတွင်းခရီးသည်အချို့ရှိနေသော်လည်း ယမန်နေ့ ည ၉ နာရီ ၄၀ ခန့်မှစတင်ကာ ခရီးသည်များကို နေအိမ်များသို့ ပြန်ခွင့်ပြုပေးခဲ့သည်ဟုလည်း ကြားသိရသည်။
ဧပြီလ ၆ ရက် ည ၁၁ နာရီခန့်တွင် မင်္ဂလာဒုံလေဆိပ်အနီး ထိစပ်နယ်မြေများနှင့် ဝါယာလက်အနီးတွင် ပစ်ခတ်မှုအချို့ရှိနေပြီး PDF များ၏ သတင်းများအရ ရန်ကုန်လေဆိပ်ကို ရှော့ခ်တိုက်ဒုံးခြောက်လုံးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငါးလုံးထိမှန်ပေါက်ကွဲခဲ့ကြောင်း ပစ်ခတ်တိုက်ခိုက်သည့် PDF များ ဘေးကင်းရာသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း Scouter ဖြစ်သော Eagle News တွင် ဖော်ပြထားသည်။
ထို့အတူ ရန်ကုန်လေဆိပ်ပစ်ခတ်ခံရမှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းနေသည်ဟု Zaw Ko Ko အကောင့်ပိုင်ရှင်က ပုံနှင့်တကွတင်ထားသော်လည်း MT News သတင်းဌာနအနေဖြင့် ဖြစ်စဥ်အမှန်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းနေပြီး အသေးစိတ်သိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။