၆. ၄. ၂၀၂၃
Written by Pan Ei
ဖိလစ်ပိုင်နိုင်ငံမှ အရုပ်ထုတ်လုပ်သူ ဒေးဗစ်တန်ဟာ အိမ်မွေးတိရစ္ဆာန်လေးတွေ သေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးနေတဲ့ ပိုင်ရှင်တွေအတွက် အသက်ရှင်နေတုန်းက ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအတိုင်း ပုံတူအရုပ်လေးတွေ ဖန်တီးထုတ်လုပ်ပေးနေပြီး အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဆီကနေ အမှာစာတွေနဲ့ ပြည့်နှက်နေတယ်လို့ သိရပါတယ်။
အရုပ်မှာယူသူတွေဟာ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ ကြောင်၊ ဟမ်းစတားတွေနဲ့ ယုန်တွေရဲ့ ပုံတူအရုပ်တွေကို မှာယူကြပြီး ပုံတူအရုပ်တွေဖန်တီးဖို့ ဓာတ်ပုံပို့ပေးဖို့ လိုတယ်လို့ သိရပါတယ်။
ပုံတူဖန်တီးထားတဲ့ အရုပ်တွေဟာ တစ်ရုပ်ကို အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာခန့် ကျသင့်မှာဖြစ်ပြီး တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းတဲ့ တက္ကစီဒါမီ နည်းလမ်းနဲ့ ကွဲပြားပါတယ်လို့ Pampanga Teddy Bear စက်ရုံပိုင်ရှင်ဖြစ်တဲ့ ဒေးဗစ်တန်က ပြောကြားခဲ့ပါတယ်။
အဆိုပါစက်ရုံမှ သူမရဲ့ ခွေးလေး Shih Tzu ရဲ့ ပုံတူခွေးအရုပ်မှာယူခဲ့တဲ့ ၃၈ နှစ်အရွယ် ဂျာဂျာလာဇာတီက “သူ့ရဲ့ပြာတွေ ဒီမှာရှိနေပြီး သူ့အမှတ်တရတွေက ဒီမှာရှိနေပေမဲ့ သူနဲ့တကယ်တူတဲ့ အရာတစ်ခုကို မြင်ရတာ ပိုကောင်းပါတယ်။ Shih Tzu ရဲ့ အမှတ်တရအတွက် ပေးဆောင်ရကျိုးနပ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref; Reuters