◾️မြန်မာအမျိုးသမီးအသင်းနှင့်တစ်အုပ်စုတည်းကျနေ၍ နှုတ်ထွက်ခြင်းဆိုသည့် လုပ်ကြံသတင်းများ မမှန်ကန်
၆. ၄. ၂၀၂၃
Translated by Htwe Ko Tun
အင်ဒိုနီးရှားအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အုပ်စု (က)တွင် ဒေသတွင်းအသင်းကောင်းများနှင့်အတူ ပါဝင်နေခဲ့ရာမှ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မှုအား ပြန်လည်ရုပ်သိမ်းသွားခဲ့ကြောင်းသိရသည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်ဇယားများကို ဧပြီလ ၅ ရက်တွင် ရေးဆွဲပြီးစီးခဲ့ပြီးနောက် နာရီအနည်းငယ် အကြာတွင် အင်ဒိုနီးရှားအမျိုးသမီးက ပါဝင်ယှဉ်ပြိုင်မှုအား ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပွဲစဉ်ဆွဲမှုများအရ အင်ဒိုနီးရှားအမျိုးသမီးအသင်းက အုပ်စု(က)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မြန်မာနှင့် မလေးရှားအမျိုးသမီးအသင်းများနှင့် အတူ ပါဝင်နေသည်။
အုပ်စု(ခ) တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ ထိုင်း၊ စင်ကာပူနှင့် လာအိုအမျိုးသမီးအသင်းများ ပါဝင်လျက်လည်းရှိသည်။
အုပ်စု (က) တွင်ပါဝင်သောအသင်းများအနက် ဗီယက်နမ်အမျိုးသမီးအသင်းက ကမ္ဘာ့အဆင့် ၃၃ တွင်ရှိပြီး မြန်မာက ၄၇၊ ဖိလစ်ပိုင်က ၄၉ တို့တွင်အသီးသီးရှိကြရာ အုပ်စု(က) သည် အသင်းကောင်းများပါဝင်နေသဖြင့် အုပ်စုကျပ်သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် အုပ်စုရေးဆွဲပြီးကာစတွင်မူ အင်ဒိုနီးရှားလူငယ်နှင့်အားကစားဝန်ကြီး ဒီတိုက အင်ဒိုနီးရှား အမျိုးသမီးအသင်းသည် အုပ်စုအဆင့်ကို လွန်မြောက်မည်ဟု ယုံကြည်ကြောင်း ပြောခဲ့သေးသည်။
အင်ဒိုနီးရှား အမျိုးသမီးအသင်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်မှုမှ ပြန်လည်နှုတ်ထွက်ရခြင်း၏အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသော်လည်း ၎င်းအနေဖြင့် နှုတ်ထွက်မှုပြုရန် အခွင့်အရေးရှိကြောင်းနှင့် အုပ်စု(က)ကို အသင်းလေးသင်းဖြင့် ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့သည်။
သို့ရာတွင် အင်ဒိုနီးရှားအမျိုးသမီးအသင်းအနေဖြင့် အချို့သော လူမှုကွန်ရက် မမှန်သတင်းများက ဖော်ပြနေသကဲ့သို့ မြန်မာအမျိုးသမီးအသင်းနှင့် တစ်အုပ်စုတည်းကျနေ၍ ပါဝင်ယှဉ်ပြိုင်မှုမှ နှုတ်ထွက်ခြင်းဆိုသည်ကမူ လုံးဝမဖြစ်နိုင်ကြောင်း သုံးသပ်ရသည်။
အင်ဒိုနီးရှားအနေဖြင့် မကြာမီ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အစ္စရေးအသင်း ခြေစစ်ပွဲအောင်၍ပါဝင်နေမှုကို လက်မခံနိုင်ကြောင်း ဆန့်ကျင်ခဲ့မှုကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ပြိုင်ပွဲအား အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို ပယ်ဖျက်ခဲ့ပြီး နိုင်ငံရေးနှင့်အားကစား ရောထွေးစဥ်းစားခဲ့မှုကြောင့် FIFA ၏ ပိတ်ပင်ဒဏ်ခတ်မှုကိုလည်း ရင်ဆိုင်ရဖွယ်ရှိနေသေးသည်။
Ref—- indonesia.postsen.com