၆. ၄. ၂၀၂၃
Written by Pan Ei
ဘရာဇီးနိုင်ငံတောင်ပိုင်းရှိ နေ့ကလေးထိန်းဂေဟာတွင် ဗုဒ္ဓဟူးနေ့ (ဧပြီလ ၅ ရက်) က ပုဆိန်ဖြင့် တိုက်ခတ်မှုဖြစ်စဉ်အတွင်း ကလေးငယ် လေးဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိသွားကြောင်းသိရပြီး ပုဆိန်ဖြင့်တိုက်ခတ်သူမှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
သေဆုံးခဲ့ရသော ကလေးငယ် လေးဦးမှာ အသက် ၅ နှစ်မှ ၇ နှစ်ကြား ယောက်ျားလေး သုံးဦးနှင့် မိန်းကလေးတစ်ဦး ဖြစ်သည်ဟု ဒေသခံရဲများက ပြောကြားခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကို ဘရာဇီးသမ္မတ Luiz Inacio Lula da Silva က အပြင်းအထန် ရှုတ်ချခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ဘရာဇီးနိုင်ငံတောင်ပိုင်း ဘလူမီနူးမြို့ရှိ ပုဂ္ဂလိနေ့ကလေးထိန်းဂေဟာတွင် ဖြစ်သွားခဲ့ခြင်းဖြစ်ကာ တိုက်ခတ်သူသည် နံရံကိုကျော်ကာ ဂေဟာထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အခြားကလေးငယ် လေးဦးကိုလည်း ဒဏ်ရာရစေခဲ့သည်။ ထို့နောက် တိုက်ခိုက်သူသည် မော်တော်ဆိုင်ကယ်စီးပြီး ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသွားသည့် ကလေးငယ်များမှာ အသက်ငါးနှစ်အရွယ် မိန်းကလေး နှစ်ဦး၊ သုံးနှစ်နှင့် ငါးနှစ်အရွယ် ယောက်ျားလေး နှစ်ဦးတို့ဖြစ်ပြီး ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် လူပေါင်း ၃၆၀,၀၀၀ ကျော် နေထိုင်သည့် ဘလူမီနူးမြို့တွင် ဝမ်းနည်းခြင်းကာလအဖြစ် ရက်ပေါင်း ၃၀ သတ်မှတ်ခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဘရာဇီးနိုင်ငံတွင် ကျောင်းများကို လူအသေအပျောက်များသည့် အကြမ်းဖက်တိုက်ခိုက်မှုများ တိုးလာခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဆော်ပေါ်လိုမြို့ရှိ ကျောင်းတစ်ကျောင်းတွင် အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၇၁ နှစ်အရွယ် ဆရာမတစ်ဦး သေဆုံးခဲ့ရသည်။
Ref; CNN