၅. ၄. ၂၀၂၃
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့တော်အတွင်းရှိ ကြီးမားသော အဝတ်အထည်လက်ကားဈေးကြီးဖြစ်သည့် ဘန်ဂါဘာဇာဈေးကြီးတွင် ဧပြီလ ၄ ရက် နံနက် ၆ နာရီ ၁၀ မိနစ် မှစ၍ မီးလောင်ကျွမ်းခဲ့မှုမှာ ဧပြီလ ၅ ရက် မွန်းတည့်ချိန်အထိ နာရီ ၃၀ ကြာမြင့်ပြီးနောက်တွင်ပင် မီးကိုထိန်းသိမ်းနိုင်ခြင်းမရှိသေးဘဲ ဆက်လက်၍ ကူးစက်လောင်ကျွမ်းလျက်နေသေးကြောင်း ဧပြီလ ၅ ရက် နောက်ဆုံးသတင်းများက ဖော်ပြခဲ့ကြသည်။
ဧပြီလ ၄ ရက် နံနက်ပိုင်းကစခဲ့သော မီးက လျင်မြန်စွာကူးစက်ပျံ့နှံ့ခဲ့ရာ နာရီပိုင်းအတွင်းမှာပင် ဘန်ဂါဘာဇာအဝတ်အထည်လက်ကားဈေးကြီးမှာ လုံးဝနီးပါးမီးလောင်ကျွမ်းခံခဲ့ရသည်။ မီးလောင်ကျွမ်းမှုအား မွန်းလွဲပိုင်းတွင် အတန်အသင့်ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ညနေပိုင်းတွင်မူ တဖန်ပြန်၍ ကူးစက်ပျံ့နှံ့လာခဲ့သည်ဟု သိရသည်။
ပြန်လည်လောင်ကျွမ်းလာသောမီးက ဧပြီလ ၅ ရက်နံနက်တွင် ဈေးအနီးရှိ Annexco Tower ကုန်တိုက် အဆောက်အအုံအား ကူးစက်လောင်ကျွမ်းခဲ့ရာ နံနက် ၁၀ နာရီ ၂၉ မိနစ်တွင် မီးသတ်တပ်ဖွဲ့များက ထိုကုန်တိုက်၌ အဖွဲ့များခွဲ၍ မီးကိုငြှိမ်းသတ်နိုင်ရန် ကြိုးစားနေရကြောင်း သိရသည်။ ဘန်ဂါဘာဇာအဝတ်အထည် လက်ကားဈေးကြီး၌ မီးလောင်ကျွမ်းမှုက ဧပြီလ ၅ ရက် နံနက်တွင် လုံးဝငြိမ်းသွားခဲ့ပြီဖြစ်သော်လည်း ကူးစက်လောင်ကျွမ်းမှုများကို ဆက်လက်ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။ မီးစတင်လောင်ကျွမ်းရမှု၏အကြောင်းရင်းနှင့် ဆုံးရှုံးမှုအတိုင်းအတာတန်ဖိုးတို့ကိုမူ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
Ref——Dhaka Tribune