၅. ၄. ၂၀၂၃
Written by Pan Ei
မြန်မာနိုင်ငံက အင်တာနက်အသုံးပြုသူတွေအကြားမှာ စိတ်ဝင်တစားမျှဝေခဲ့ကြတဲ့ အစားအစာထဲမှာ လူလက်ချောင်းတွေနဲ့ တူတဲ့အရာ ပါလာခဲ့တာဟာ ထိုင်းနိုင်ငံအလယ်ပိုင်း ပရာချင်ဘူရီခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းအမျိုးသမီးတစ်ဦးဟာ ဈေးကနေ ဂျဲဘလာရာလို့ ခေါ်တဲ့ ငါးငရုတ်အနှစ် ဝယ်လာရာမှာ လက်ချောင်းနဲ့တူတဲ့အရာပါနေတာကို တွေ့ရှိခဲ့ပြီး အင်တာနက်ပေါ်မှာ ဗီဒီယိုနဲ့တကွ ကြည့်ရှုသူတွေကို မေးမြန်းခဲ့ရာမှာတော့ ကြွက်လက်ဖြစ်နေတယ်ဆိုတာကို သိခဲ့ရပါတယ်။
အဆိုပါအမျိုးသမီးဟာ ငါးငရုတ်အနှစ်ကို သူမဝယ်နေကျ ရာဘို့ဈေးထဲက ဆိုင်ကနေဝယ်ယူလာခဲ့ခြင်းဖြစ်ပြီး လောင်းချလိုက်ရာမှာ အရိုးကို တွေ့ရှိခဲ့တာကြောင့် စစ်ဆေးကြည့်ရာမှာ အံ့ဩသွားခဲ့ရပြီး အဲဒီဆိုင်ကနေ ထပ်ဝယ်မစားတော့ဘူးလို့ ဆိုကာ အဆိုပါအစားအစာကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို အင်တာနက်ပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဗီဒီယိုရဲ့ မှတ်ချက်ကဏ္ဍမှာတော့ ထိတ်လန့်နေတဲ့ အင်တာနက်အသုံးပြုသူတွေက ဒီလက်ဟာ ကြွက်လက် ဖြစ်နိုင်ပြီး အစားအစာထဲကို တစ်နည်းတစ်ဖုံနဲ့ ဝင်ရောက်သွားပုံရကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး စီမဟာဖော့ခရိုင်မှာ အစားအစာရောင်းချသူတစ်ဦးက “ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ အမျိုးသမီးရဲ့ပို့စ်ကြောင့် ရောင်းချလိုက်တဲ့ ဆိုင်သာမကဘဲ လူတိုင်းအတွက် ငါးငရုတ်အနှစ်အရောင်းကို ထိခိုက်စေနိုင်တယ်” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ပရာချင်ဘူရီခရိုင်မှာပဲ နာမည်ကြီးအမှတ်တံဆိပ်ရဲ့ ထုတ်ကုန်ဖြစ်တဲ့ ငါးသေတ္တာဘူးအတွင်းမှာ အဆိပ်ပြင်းကင်းခြေများတစ်ကောင်ကို တွေ့ရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ တုန်းကလည်း အယုဒ္ဓယပြည်နယ်ရှိ စားသောက်ဆိုင်တစ်ခုမှာ စားသုံးသူတစ်ဦးဟာ အစားအစာတွင်းက ဖန်စကို ရှာဖွေတွေ့ရှိပြီးနောက် ဘတ် ၆၀ လျှော့စျေးရရှိခဲ့ပါတယ်။
Ref; Thaiger