၅. ၄. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်နိုင်ငံသမ္မတဟောင်း ဒေါ်နယ်ထရန့်က ၎င်းအားတရားစွဲဆိုမှုအပေါ် နယူးယော့ခ်တရားရုံး၌ ဧပြီလ ၄ ရက်တွင် လာရောက်တရားရင်ဆိုင်ခဲ့ရာ၌ စွဲချက် ၃၄ ခုစလုံးအတွက် ၎င်းတွင်အပြစ်မရှိကြောင်း ပြောကြားခဲ့သည်။
တရားရုံး၌ ၎င်းအားစွပ်စွဲချက်များကိုကြားနာပြီးနောက်တွင် ထရန့်က ၎င်းအနေဖြင့် မှားယွင်းလုပ်ဆောင်မိခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး ထရန့်၏ရှေ့နေများကလည်း စွဲချက်များမဟုတ်မှန်ကြောင်း ၎င်းတို့က တရားရုံးတွင် သက်သေပြသွားမည်ဟု ပြောခဲ့သည်။
တရားရုံးတွင် ၎င်းအပေါ်စွဲချက်များကိုနားထောင်ခဲ့ပြီးနောက် ဧပြီလ ၄ ရက်ညနေပိုင်းတွင် ၎င်းအား ထောက်ခံသူများကို ထရန့်က Mar-a-Lago အိမ်ယာတွင် တွေ့ဆုံမိန့်ခွန်းပြောခဲ့ရာ၌လည်း ထရန့်က “အမေရိကန်လိုနိုင်ငံမှာ ဒီလိုကိစ္စရပ်မျိုးဖြစ်လာမယ်လို့ ကျွန်တော်လုံးဝထင်မထားမိဘူး။ ကျွန်တော်ကျူးလွန်မိခဲ့တဲ့ ရာဇဝတ်မှုတစ်ခုပဲရှိပါလိမ့်မယ်။ အဲဒါက ကျွန်တော်တို့နိုင်ငံကို ဖျက်ဆီးဖို့ကြိုးစားတဲ့သူတွေကို အကြောက်အလန့်လုံးဝမရှိဘဲ ကာကွယ်တိုက်ခိုက်ခဲ့မိမှုပါပဲ” ဟု ပြောခဲ့သည်။
ထို့ပြင် ၎င်းအနေဖြင့် အမေရိကန်နိုင်ငံ၏ Presidential Records Act ခေါ် သမ္မတ၏စာရွက်စာတမ်းများဆိုင်ရာ အက်ဥပဒေ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းလည်း ပြောခဲ့သည်။ တရားလိုရှေ့နေများကမူ သမ္မတဟောင်းအနေဖြင့် ၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ရိုးဖြောင့်မှန်ကန်မှုကို အောက်ခြေကစ၍ ပျက်ပြားအောင် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ ၎င်းအပေါ်စွဲချက်များကလည်း ထရန့်အနေဖြင့် အမေရိကန်နိုင်ငံ၏ အပြာကားနာမည်ကြီးမင်းသမီးဖြစ်သော Stormy Daniels ကို ၂၀၁၆ ခုနှစ်က နှုတ်ပိတ်ခပေးခဲ့သည်ဆိုမှုအပေါ် စုံစမ်းစစ်ဆေးမှုပြုရာမှ အစပြုလာကြခြင်းလည်း ဖြစ်သည်။
ထရန့်၏ ရှေ့နေအသင်းအနေဖြင့် ၎င်းတို့ဘက်မှ အဆိုပြုတင်သွင်းချက်များကို ဩဂုတ်လ ၈ ရက်နောက်ဆုံးထား တင်ပြကြရမည်ဖြစ်ပြီး ထရန့်အနေဖြင့် ဒုတိယအကြိမ်ကြားနာမှုအတွက် ဒီဇင်ဘာလ ၄ ရက်တွင် တရားရုံးသို့ လာရောက်ရန်ချိန်းဆိုလိုက်ကြောင်း သိရသည်။ ၎င်းကအမေရိကန်ပြည်ထောင်စုတွင် သမ္မတဟောင်းတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ်တရားရုံး၌ စွဲချက်တင်ခံရခြင်းလည်းဖြစ်ကြောင်း သိရသည်။
Ref– CNN