၅. ၄. ၂၀၂၃
Written By Thandar
ဖိလစ်ပိုင်နိုင်ငံ အယ်လ်ဘေမြို့မှာ ဧပြီလ ၂၄ ရက်ကနေ ၂၉ ရက်အထိ ကျင်းပမယ့် Mister Tourism Globe 2023 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကချင်တိုင်းရင်းသား Yaw Thurt Gom Hkaung ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ MT News ကို ပြောပါတယ်။
“ကျွန်တော့်ပြိုင်ပွဲက ခရီးသွားလုပ်ငန်းမြှင့်တင်တာနဲ့ဆိုင်တာဆိုတော့ ပွဲတစ်လျှောက်မှာ ကိုယ့်ရဲ့အပြုအမူ အပြောအဆိုကနေတစ်ဆင့် ကျွန်တော်တို့နိုင်ငံသားတွေရဲ့ နွေးထွေးဖော်ရွေမှုကို ချပြမယ်။ ပြီးတော့ ကိုယ့်နိုင်ငံအတွက် ဆိုရင် နာမည်ကြီး အထင်ကရနေရာတွေနဲ့ စုံလင်လှပတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ပွဲတော်တွေအကြောင်း ချပြသွားဖို့ရှိပါမယ်။ ပြီးတော့ ကမ္ဘာတဝှမ်းခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းရဲ့ အားသာချက်တွေ ရှိသလို တစ်ဖက်မှာဖြစ်လာတတ်တဲ့ ထိခိုက်ယိုယွင်းမှုတွေ (ဥပမာ-သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ) ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ Idea တွေကိုလည်း ထောက်ပြချင်ပါတယ်။ ဒီပွဲအတွက် လိုအပ်တာမှန်သမျှကို အတတ်နိုင်ဆုံးတော့ ကြိုးစားပြင်ဆင်နေပါတယ်” မြန်မာနိုင်ငံကိုယ်စားပြု ကချင်တိုင်းရင်းသား Yaw Thurt Gom Hkaung က MT News ကို ပြောပါတယ် ။
လက်ရှိမှာ အဆိုပါ ပြိုင်ပွဲအတွက်လည်း National Costume၊ Formal Wear၊ အမေးအဖြေပိုင်းတွေကအစ လေ့ကျင့်နေသလို Talent အတွက် အဓိကပြင်ဆင်နေတယ်လို့ သိရပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Mister Grand Myanmar 2022 ပြိုင်ပွဲမှာ 1st runner up ဆု၊ ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၊ ခွန်ကန်မြို့မှာ တတိယအကြိမ်မြောက်ကျင်းပခဲ့တဲ့ Mister Friendship International 2022 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး Fashion Model Award ဆုတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ အရင်ပြိုင်ပွဲမှာ ဘုမသိဘမသိ National Director မရှိဘဲ တစ်ယောက်တည်း သွားရတာဆိုတော့ Stress များသလို မျက်နှာငယ်ရတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ သင်ယူလေ့လာခဲ့ရတာတွေလည်း အများကြီးရှိသလို ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုလည်း ကောင်းကောင်းသိခဲ့ရပါတယ်။ ဒီပွဲမှာတော့ အဲဒီလိုအပ်ချက်လေးတွေ ပြန်ပြင်ဆင်ပြီး အကောင်းဆုံး ကြိုးစားနိုင်အောင်ပြင်ဆင်ထားပါတယ်။ လိုအပ်တာတွေကို National Director နဲ့လည်း တိုင်ပင်ပြီး ပြင်ဆင်နေပါမယ်။ ဘယ်နေ့မှာ ဘယ်လို Round ပြိုင်ရမယ်ဆိုတာ ကြိုမသိထားတော့ ဒီပွဲကနည်းနည်း Challenge ပိုများသလိုတော့ထင်မိပါတယ်”လို့ သူက ဆက်ပြောပါတယ်။