၄. ၄. ၂၀၂၃
Written by Pan Ei
သြစတြေးလျနိုင်ငံအစိုးရသည် လုံခြုံရေးစိုးရိမ်မှုများကြောင့် တရုတ်ပိုင်ဗီဒီယိုအတိုများမျှဝေသည့် TikTok အက်ပလီကေးရှင်းကို အစိုးရပိုင် စက်ပစ္စည်းများအားလုံးမှ ဖယ်ရှားမည်ဖြစ်ကြောင်း ယနေ့ (ဧပြီလ ၄ရက်)တွင် ပြောကြားခဲ့သည်။
“အဆိုပါတားမြစ်ချက်ကို တတ်နိုင်သမျှအမြန်ဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်” ဟု ဩစတြေးလျနိုင်ငံ၏ရှေ့နေချုပ် မာ့ခ် ဒရေးဖပ်စ် က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပြီး ကင်းလွတ်ခွင့်များကို ကိစ္စတစ်ခုချင်းအလိုက် သင့်လျော်သော လုံခြုံရေးအစီအမံများဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ByteDance ကုမ္ပဏီပိုင် ပေကျင်းအခြေစိုက် TikTok ကို သြစတြေးလျနိုင်ငံ၌ အသက် ၁၈ နှစ်နှင့်အထက် အသုံးပြုသူ ၈ ဒသမ ၃ သန်းရှိကြောင်း ကုမ္ပဏီ၏အဆိုအရ သိရပြီး သြစတြေးလျနှင့် နယူးဇီလန်ရှိ TikTok ၏ အထွေထွေမန်နေဂျာ လီဟန်တာက နိုင်ငံရေးအရ တွန်းအားပေးသည့် ဤဆုံးဖြတ်ချက်ကြောင့် အလွန်စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။
TikTok အက်ပလီကေးရှင်းသည် နိုင်ငံအတွက် လုံခြုံရေးအန္တရာယ်ဖြစ်နိုင်သည်ဆိုသည်ကို သက်သေပြနိုင်ခြင်းမရှိကြောင်းနှင့် အပြုသဘောဆောင်သော ညှိနှိုင်းဆွေးနွေးမှုများအတွက် TikTok ကုမ္ပဏီသည် သြစတြေးလျအစိုးရထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ကြောင်းလည်း လီဟန်တာက ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံ၏ တားမြစ်ချက်ကြောင့် Five Eyes ထောက်လှမ်းရေးမဟာမိတ်အဖွဲ့မှ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်၊ ဗြိတိန်နှင့် နယူးဇီလန်တို့ အဖွဲ့ဝင်နိုင်ငံများအားလုံးသည် TikTokအား အစိုးရပိုင်စက်ပစ္စည်းများမှ ပိတ်ပင်လိုက်ပြီဖြစ်သည်။ ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ဥရောပကော်မရှင်တို့ကလည်း အလားတူ တားမြစ်ချက်များကို ကြေညာခဲ့သည်။
Ref; CNN