၄. ၄. ၂၀၂၃
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက်ကာရှိ အဝတ်အထည်များရောင်းချရာ စျေးကြီးတစ်ခုဖြစ်သော ဘန်ဂါဘာဇာစျေးတွင် ဧပြီလ ၄ ရက် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်မှစ၍ မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ခဲ့ရာ ငါးနာရီခန့်ကြာသည်အထိ မီးကို မထိန်းသိမ်းနိုင်သေးကြောင်း သိရသည်။
စျေးအနီးရှိလမ်းများအားလုံးပိတ်ထားကာ မီးသတ်ကားအစီး ၅၀ ဖြင့် မီးကိုငြှိမ်းသတ်လျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များလည်း မီးငြှိမ်းသတ်ရာတွင် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သို့သော် စျေးအတွင်း အဝတ်အထည် အမျိုးမျိုးရှိနေမှုကြောင့် မီးက လျှင်မြန်စွာကူးစက်လောင်ကျွမ်းလျက်ရှိရာ စျေးရှိရာလမ်း အခြားတစ်ဖက်သို့ပါ ပျံ့နှံ့လောင် ကျွမ်းနေကြောင်း သတင်းများကဆိုသည်။ ထို့ပြင် မီးငြှိမ်းသတ်နေစဥ်မှာပင် ရေပြတ်လပ်သွားမှုကြောင့်မီးသတ်တပ်ဖွဲ့အနေဖြင့် အခက်အခဲများ တွေ့နေရကြောင်းလည်းပြောကြားခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် စျေးအနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် မီးခိုးလုံးများဖုံးလွှမ်းလျက်ရှိသည်။ မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူရှိ မရှိ၊ ဆုံးရှုံးမှုတန်ဖိုး မည်မျှရှိမည်တို့ကို အတိအကျမသိရသေးပေ။
Ref—-Dhaka Tribune