၄ . ၄. ၂၀၂၃
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သရုပ်ဆောင် ရှင်မင်းဆက်က “သစ္စာ” ဇာတ်လမ်းတွဲမှာ သူမပါဝင်သရုပ်ဆောင်ထားတဲ့ အပျိုကြီး မိမိစောကာရိုက်တာက ပရိသတ်နဲ့ ထပ်တူကျပါ့မလားလို့ ရင်ခုန်နေရပါတယ်လို့ MT News ကို ပြောပါတယ်။
ရသစုံပါဝင်တဲ့ “သစ္စာ” ဇာတ်လမ်းတွဲကို ယနေ့ ဧပြီ ၄ ရက် ည ၇ နာရီက စတင်ပြီး တနင်္လာနေ့ကနေ သောကြာနေ့အထိ အပတ်စဥ် MRTV-4 ရုပ်သံလိုင်းမှာ ပြသမှာ ဖြစ်ပါတယ်။
“ရှင်မင်းက ဒီ သစ္စာဇာတ်လမ်းတွဲမှာ မိမိစောနေရာက ပါဝင်ထားတာပါ။ မိမိစောဆိုတဲ့ အပျိုကြီးက ရွာမှာကျိကျိတက်ချမ်းသာတယ်။ ဦးညောင်ညောင်နဲ့ သားအဖနှစ်ယောက်ထဲနေကြတယ်။ အရမ်းချမ်းသာတဲ့ တော သူဌေးပေါ့။ ကာရိုက်တာပိုင်းကတော့ အလှုပ်ကာရိုက်တာလေးနဲ့ သရုပ်ဆောင်ထားတယ်။ ဖခင်ဖြစ်သူကို ကြောက်ရတယ်ပေါ့။ သားအဖရဲ့ ဆင်းန်တွေမှာ ဟာသလေးတွေထည့်ထားပါတယ်။ စိတ်ပျော်ရွှင်ဖို့အတွက် အဓိကထားပြီး ပုံဖော်ထားပါတယ်”လို့ သရုပ်ဆောင်ရှင်မင်းဆက်က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲမှာ အပျိုကြီး မိမိစောဆိုတဲ့သူ တစ်ယောက်ဖြစ်ပြီး လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်သူပုံစံ ပါဝင်ထားတယ်။ ဒါ့အပြင် လယ်ဧကများစွာ ပိုင်ဆိုင်တဲ့ တောသူဌေးသမီး မိမိစောက ဖခင်ဖြစ်သူကိုလည်း အလွန်ကြောက်ရသူပုံစံနဲ့ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။
“အပျိုကြီး မိမိစောဇာတ်ကောင်မျိုး တစ်ခါမှမလုပ်ဖူးဘူး။ ဆွဲကြိုးတွေ လက်ကောက်တွေနဲ့ ဝမ်းဆက်လေးတွေ ဝတ်ပြီးတော့ တခါမှလည်း သရုပ်ဆောင်ဖူးဘူး။ ဒီ အပျိုကြီးကာရိုက်တာအတွက် အရမ်းလည်း ရင်ခုန်တယ်။ ဘယ်လိုပုံစံမျိုးပရိသတ်မြင်တွေ့ရမလဲပေါ့။ အပျိုကြီး မိမိစောကာရိုက်တာက ပရိသတ်နဲ့ ထပ်တူကျပါ့မလားလို့ ရင်ခုန်နေရပါတယ်။ ထုတ်လွှင့်မယ် ဧပြီ ၄ ရက်နေ့ကိုလည်း ပရိသတ်နဲ့အတူ စောင့်မျှော်နေပါတယ်”လို့ သူမက MT News ကို ဆက်ပြောပါတယ်။
“သစ္စာ” ဇာတ်လမ်းတွဲအတွက် ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ကျော်ကျော်ထွန်းနဲ့ ခင်မောင်ကျော်တို့က ရေးသားပြီးဒါရိုက်တာ ညီညီအောင်က သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ဆု ၊ ရန်လင်းအောင် ၊ နက်ရှိင်းကို ၊ ဘုန်းရှိန်ခန့် (အထူးဧည့်သည်) မြတ်သူသူ ၊ မိုးမခမေ ၊ ရှင်မင်းဆက် စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။