၃. ၄. ၂၀၂၃
Written by Pan Ei
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ ခေါက်ဆွဲဆိုင်ပိုင်ရှင်တစ်ဦးဟာ သူ့ရဲ့ဖောက်သည်တွေကို အစာစားချိန်မှာ မိုဘိုင်းလ်ဖုန်းနဲ့ ဗီဒီယိုတွေကို ကြည့်ရှုခွင့် တားမြစ်ခဲ့ပြီး အဆိုပါ သတ်မှတ်ချက်ဟာ ဂျပန်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ လူပြောများလာခဲ့ပါတယ်။
ဂျပန်နိုင်ငံရှိ ခေါက်ဆွဲစားသောက်ဆိုင်တွေမှာ “မြန်မြန်စားပြီး ထွက်သွားပါ” ဆိုတဲ့ စည်းမျဉ်းရှိတဲ့အတိုင်း ကိုတာကိုင် လို့ခေါ်တဲ့ ခေါက်ဆွဲဆိုင်ပိုင်ရှင်တစ်ဦးဟာလည်း အဆိုပါဓလေ့ကို အလေးအနက်ထားပြီး စားသုံးသူတွေဟာ ခေါက်ဆွဲ ပူပူနွေးနွေးတစ်ပန်းကန်ကို စတင် စားသုံးဖို့ အချိန်ဘယ်လောက်ယူကြလဲဆိုတာကို လေ့လာခဲ့ပါတယ်။ သူ့ရဲ့လေ့လာချက်အရ ခေါက်ဆွဲကို စတင်စားသုံးဖို့ အချိန်အကြာဆုံးယူတဲ့သူတွေဟာ ဖုန်းနဲ့ ဗီဒီယိုကြည့်နေကြသူတွေဖြစ်တာကို တွေ့ရှိပြီးတဲ့နောက်မှာ ခုလိုမျိုး သတ်မှတ်ချက်ကို ချမှတ်ခဲ့တာလို့ သိရပါတယ်။
ကိုတာကိုင်ရဲ့ဆိုင်မှာ အဆိုပါ သတ်မှတ်ချက်ကို ပြီးခဲ့တဲ့ မတ်လက စတင်ခဲ့တာဖြစ်ပြီး စားသုံးသူတွေကို အစားအစာဓာတ်ပုံတွေ ရိုက်ခွင့်တော့ ပြုထားပါတယ်။
ကိုတာကိုင်က သူတို့ဆိုင်ရဲ့ ခေါက်ဆွဲဟာ အထူ ၁ မီလီမီတာပဲ ရှိတဲ့အပြင် မပွသွားခင် ပူပူနွေးနွေးစားဖို့ လိုအပ်ပြီး စားသုံးသူတွေက အစားအစာထက် သူတိုရဲ့ဖုန်းတွေကို ပိုမိုအာရုံစိုက်လာတာကြောင့် ပျက်စီးသွားတဲ့ ခေါက်ဆွဲပန်းကန်တွေကိုမြင်ရတာ နာကျင်စရာပဲလို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဆိုင်ရဲ့ လူကျချိန်တွေမှာ ထိုင်ခုံနေရာအတွက် စောင့်ဆိုင်းသူ ၁၀ ဦးထက်မနည်းရှိနေတတ်တဲ့ သူ့ဆိုင်အတွက် အခုလိုမျိုး သတ်မှတ်ချက်ထားလိုက်တာဟာ စားသုံးသူတွေ ထိုင်ခုံမှာ အကြာကြီးထိုင်နေခြင်းကနေ လျော့ပါးစေနိုင်ပြီး စားသုံးသူတွေစားပြီးပါက စားသောက်ဆိုင်မှ ပြန်ထွက်သွားဖို့ကို အရှိန်မြှင့်ပေးစေနိုင်လိမ့်မယ်လို့ ကိုတာကိုင်က ပြောပါတယ်။
၂၀၂၁ ခုနှစ်တုန်းကလည်း တိုကျိုမြို့ရှိ အဒါချီရပ်ကွက်မှာ လမ်းလျှောက်နေစဉ် ဒါမှမဟုတ် စက်ဘီးစီးနေစဉ်မှာ ဖုန်းအသုံးပြုတာကို တားမြစ်တဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
Ref; CNN