◾️အမေရိကန်နှင့် ဆော်ဒီအာရေဗျအကြား တင်းမာနေသောဆက်ဆံရေးများ ပိုမိုဆိုးဝါးစေမည် ခန့်မှန်း
၃. ၄. ၂၀၂၃
Translated by Htwe Ko Tun
ကမ္ဘာ့ထိပ်တန်းရေနံထုတ်လုပ်တင်ပို့သောနိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံက ၎င်း၏ရေနံထုတ်လုပ်မှုကို မေလမှစ၍ ၂၀၂၃ ခုနှစ်အကုန်အထိ တစ်နေ့လျှင် ရေနံစည် ၅၀၀,၀၀၀ အထိလျှော့ချသွားမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် ကြေညာခဲ့သည်။
ဆော်ဒီအာရေဗျ၏ နိုင်ငံပိုင်ရေနံကုမ္ပဏီကြီးဖြစ်သော Aramco ကလည်း ၎င်းအနေဖြင့် ရေနံတင်ပို့မှုမှ ၂၀၂၂ ခုနှစ်အတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၆၁ ဘီလျံအထိ စံချိန်တင်အောင်ရရှိခဲ့ကြောင်း မကြာမီက ကြေညာခဲ့သေးသည်။ ၎င်းက Aramco ကုမ္ပဏီ ၂၀၂၁ ခုနှစ်အတွင်းက ရရှိခဲ့သောအမြတ်ငွေ အမေရိကန် ဒေါ်လာ ဘီလီယံ ၁၁၀ နှင့်နှိုင်းယှဉ်လျှင် ၄၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခြင်းလည်းဖြစ်သည်။
ဆော်ဒီအာရေဗျ အနေဖြင့် ထိုကဲ့သို့ဆောင်ရွက်မှုက ယူကရိန်းစစ်ပွဲကြောင့် တစ်စိတ်တစ်ပိုင်း မကြေမလည်ဖြစ်နေခဲ့ရသော အမေရိကန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့၏ ဆက်ဆံရေးကိုလည်း မီးလောင်ရာလေပင့်ဆိုသကဲ့သို့ ပို၍တင်းမာစေလိမ့်မည် ဖြစ်ကာ ရေနံဈေးနှုန်းများ မြင့်တက်စေမည်ဟု ခန့်မှန်းကြသည်။
ဆော်ဒီအာရေဗျ စွမ်းအင်ဝန်ကြီးက ဤသို့ဆောင်ရွက်မှုကို ရေနံတင်ပို့ရောင်းချသူနိုင်ငံများအဖွဲ့(အိုပက်)၏ အဖွဲ့ဝင်နိုင်ငံအချို့နှင့် အိုပက်အဖွဲ့ဝင်မဟုတ်သော နိုင်ငံအချို့ နှင့် ညှိနှိုင်းကာပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဧပြီ ၂ ရက်က ပြောခဲ့သည်။ သို့သော် ၎င်းက မည်သည့်နိုင်ငံများဖြစ်သည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
လွန်ခဲ့သည့် အောက်တိုဘာလကလည်း ဆော်ဒီအာရေဗျ က ရေနံထုတ်လုပ်မှုကို တစ်ကြိမ်လျှော့ချမှုပြုခဲ့သေးသောကြောင့် အမေရိကန်အစိုးရအား မကျေမနပ်ဖြစ်စေခဲ့သေးသည်။
ဆော်ဒီအာရေဗျ စွမ်းအင်ဝန်ကြီးဌာနကမူ ၎င်းကရေနံဈေးကွက်တည်ငြိမ်မှုရှိစေရေးအတွက် ကြိုတင်သတိရှိစွာဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊၂၀၂၂ ခုနှစ်တွင်ဆော်ဒီက တစ်နေ့လျှင်ရေနံစည် ပျမ်းမျှ ၁၁ ဒသမ ၅ သန်းထုတ်လုပ်ခဲ့ရာ လျှော့ချမှုက ထိုထုတ်လုပ်မှု၏ ငါးရာခိုင်နှုန်းပင်မရှိကြောင်း ပြောခဲ့သည်။
အမေရိကန်အစိုးရအနေဖြင့် ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီးနောက် ရုရှားတင်ပို့သောရေနံနေရာတွင် အစားထိုးရန် ဆော်ဒီအာရေဗျအား ရေနံထုတ်လုပ်မှု တိုးမြှင့်စေလိုသော်လည်း ဆော်ဒီက လက်မခံမှုကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး မပြေမလည် ဖြစ်နေရခြင်းဖြစ်သည်။
Ref—Indianexpress.com