၃. ၄. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံက ထီဆုရှင်ဟာ ထီပေါက်ပြီးနောက် အရက်မူးပြီး ဘန်ကောက်မြို့ပေါ်မှာရှိတဲ့ ကေဘယ်လ်ကြိုးတွေပေါ်မှာ အိပ်ပျော်သွားခဲ့တဲ့ ဖြစ်စဉ် ဧပြီလ ၂ ရက် (တနင်္ဂနွေနေ့)က ဖြစ်ပွားခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Thonglor ရဲစခန်းက တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေက အခင်းဖြစ်ပွားရာနေရာ ချောင်တိုခရိုင် လမ်းမကြီးဘေးမှာရှိတဲ့ Soi Phai Singto တိုက်ခန်းအဝင်ပေါက်ကို ဧပြီလ ၂ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က ရောက်ရှိလာခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ ကေဘယ်လ်ကြိုးတွေပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေခဲ့တာကြောင့် အစပိုင်းမှာ ဓာတ်လိုက်သေဆုံးသွားပြီလို့ ထင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
နောက်ပိုင်းတွင်မှ အဆိုပါအမျိုးသားဟာ မူးနေပြီး အသက်ရှင်နေသေးတာကို တွေ့ရှိခဲ့ကြကာ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေက အရက်မူးနေတဲ့ အမျိုးသားကို ကရိန်းအသုံးပြုကာ မြေပြင်ပေါ်သို့ ချပေးခဲ့ပါတယ်။
အဆိုပါအမျိုးသားဟာ မဟာဆာခမ်းပြည်နယ်မှဖြစ်ပြီး ဘတ်ငွေ ၄၀၀၀ တန် အစိုးရထီကို စနေနေ့က ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ သူဟာ ထီပေါက်တာကို သိရှိပြီးနောက် ခွန်တိုနယ်မြေရှိ ဈေးသည်တစ်ဦးထံမှာ သူ့ရဲ့ထီလက်မှတ်ကို ငွေသားနဲ့ လဲလှယ်ခဲ့ပြီး သောက်စရာတွေနဲ့ ထီပေါက်တာကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။
အဆိုပါ ထီပေါက်တဲ့အမျိုးသားဟာ မူးမူးနဲ့ ညဉ့်နက်သန်းခေါင်မှာ သစ်ပင်တစ်ပင်ကို ဆွဲချကာ ကြိုးတွေပေါ်တက်ပြီး အိပ်ပျော်သွားခဲ့တာဖြစ်ပြီး နိုးလာချိန်မှာလည်း အရက်မူးနေသေးကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ပါတယ်။
ကေဘယ်လ်ကြိုးတွေကို ပုခက်သဖွယ် အသုံးပြုကာ အိပ်မောကျနေခဲ့တဲ့ အမျိုးသားဟာ ပြုတ်ကျခြင်း ဒါမှမဟုတ် ဓာတ်လိုက်ခံရခြင်းမရှိတာကလည်း ပဟေဠိတစ်ခုသဖွယ် ဖြစ်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့လကလည်း အစိုးရထီပေါက်သူတစ်ဦးဟာ ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်ပထုံခရိုင် ဝက်ကလန်ဘန်ဖိရာ ဘုရားကျောင်းရှိ အမြင့် ၃၀ မီတာရှိတဲ့ နာမည်ကြီးဘုရားရုပ်ပွားတော်ကို ဝက်ခေါင်းပေါင်း ၁၀၀ နဲ့ ပူဇော်ခဲ့ပါသေးတယ်။
Ref; Thaiger