၃. ၄. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားတပ်ဖွဲ့များက Artyomovsk မြို့ဟုခေါ်ဝေါ်ကြပြီး ယူကရိန်းနိုင်ငံအတွင်းတွင်မူ ဘက်မတ်(Bakhmut)မြို့ဟု သိကြသော ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိမြို့ကို သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်းနှင့် ဘက်မတ်မြို့၏ မြို့တော်ခန်းမတွင် ရုရှားအလံကို လွှင့်ထူလိုက်နိုင်ပြီဖြစ်ကြောင်း ရုရှားအပျော်တန်းလက်ရုံးတပ်ဖွဲ့ဖြစ်သော Wagner Group ကိုတည်ထောင်သူ ရက်ဗ်ဂျီနီ ပရီဂိုဇင်က ဧပြီလ ၃ ရက်တွင် ပြောကြားခဲ့သည်။
ပရီဂိုဇင်က “အတိအကျပြောရရင် Artyomovsk မြို့ကို ကျွန်တော်တို့အနေနဲ့ ဧပြီလ ၂ ရက်၊ ည ၁၁ နာရီမှာ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဘက်မတ်ရဲ့ မြို့တော်ခန်းမနဲ့ အဓိကကျတဲ့ မြို့လယ်တစ်ခုလုံးကိုသိမ်းပိုက်ပြီး ရုရှားနိုင်ငံ အလံတွေလွှင့်ထူထားပြီးဖြစ်ပါတယ်။ ရန်သူတပ်ဖွဲ့တွေက မြို့အနောက်ပိုင်းအဆောက်အအုံတွေမှာတော့ ကျန်ရှိနေကြသေးတယ်” ဟုပြောခဲ့သည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဘက်မတ်မြို့အားသိမ်းပိုက်ရန် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်မှစ၍ ရုရှားတို့က စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှစ်လကြာတိုက်ပွဲအတွင်း နှစ်ဖက်စလုံးမှ အများအပြား သေကြေထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း သိရသည်။
ယူကရိန်းတို့ဘက်ကမူ ၎င်းတို့တပ်ဖွဲ့များက ဘက်မတ်မြို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဟု ကြေညာလျက်ရှိသေးကြောင်းလည်း သိရသည်။
Ref—-Tass, France 24