MT News
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၁၂ ရက်ကြာခရီးလည်ပတ်ရန်အတွက် တရုတ်တိုင်ပေ သမ္မတဟောင်း မာရင်ဂျိုက တရုတ်နိုင်ငံသို့ မတ်လ ၂၇ ရက်တွင် စတင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
သမ္မတဟောင်း မာရင်ဂျို ၏ခရီးစဉ်သည် ပုဂ္ဂလိကခရီးစဉ်တစ်ခုဖြစ်ပြီး ၎င်းနှင့်အတူ အတွေ့အကြုံအမြင်များဖလှယ်ရန်အတွက် တက္ကသိုလ်ဆရာများနှင့် ကောလိပ်ကျောင်းသားများအပြင် ၎င်း၏မိသားစုဝင်များလည်းပါဝင်ကာ နိုင်ငံရေးနှင့် ဆိုင်သော ရည်မှန်းချက်များလည်းပါဝင်လိမ့်မည်ဟု ယူဆရသည်။
မာရင်ဂျို၏မူဝါဒများက တရုတ်တိုင်ပေနှင့် တရုတ်ပြည်မကြီးကိုအနီးကပ်ဆုံး ဆက်ဆံရေးများပြန်လည်ရရှိရန်ရည်မှန်းသည်။ သို့သော် ၎င်းအနေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို ဆန့်ကျင်သည့် လူစုလူဝေးဆန္ဒပြမှုများကြောင့် လောင်းရိပ်မိကာ သမ္မတရာထူးကိုစွန့်လွှတ်ခဲ့ရပြီး ၎င်းနောက် တရုတ်တိုင်ပေ၏ သမ္မတတာဝန်ထမ်းဆောင်သူက အမေရိကန်နှင့်ဆက်ဆံရေးများ ကောင်းမွန်စေရေး အလေးထားခဲ့သည်။
မာရင်ဂျို၏ ခရီးစဉ်တွင် ပေကျင်းမြို့မပါဝင်သော်လည်း ၎င်းက ခရီးစဉ်အတွင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တာဝန်ရှိသူအတော်များများနှင့်တွေ့ဆုံမည်ဟုလည်း သိရသည်။
မာရင်ဂျို သမ္မတအဖြစ်တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် စင်ကာပူ၌ တွေ့ဆုံဆွေးနွေးမှုပြုခဲ့ကြသည်။ ၎င်းက လက်ရှိသမ္မတရွေးချယ်မခံရမီ လပိုင်းအလိုတွင်ဖြစ်ပြီး ယခုအခါ မာရင်ဂျိုက ကူမင်တန်အတိုက်အခံပါတီ၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
မာရင်ဂျို၏ရုံးအဖွဲ့က ၎င်းအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မတ်လ ၂၇ ရက်မှ ဧပြီလ ၇ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း၊ နန်ကျင်း၊ ဝူဟန်၊ ချန်ရှား၊ ချုံကွင်းနှင့် ရှန်ဟဲမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ၎င်းကကျောင်းသူကျောင်းသားများနှင့် ဒုတိယကမ္ဘာစစ်နှင့် တရုတ်-ဂျပန် ပဋိပက္ခတို့နှင့်ဆက်စပ်နေသော လည်ပတ်ရန်နေရာများကိုပါ သွားရောက်မည်ဟုဆိုသည်။ သို့သော် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန် အပါအဝင် အစိုးရအဆင့်မြင့်ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိမရှိ မပြောကြားခဲ့ပေ။
Ref—– AP