MT News
နေပြည်တော်ကောင်စီနယ်မြေအတွင်း ၇၈ နှစ်မြောက် တပ်မတော်နေ့ကျင်းပမည့်အချိန်၌ ၁ဝ၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် စီစဥ်နေသည့် နေပြည်တော် PDF အဖွဲ့ဝင်အချို့ကို ကြိုတင်ဖမ်းဆီးမိခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဥ်မှာ မတ်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးမှပစ်ခတ်ရန် စီစဉ်နေသည့် နေပြည်တော် PDF အဖွဲ့မှ စိန်လွင်(ခ) မောင်စိန်(ခ)ခရေအား နေပြည်တော်ကောင်စီနယ်မြေ အဝေရာဆည်အနီးရှိ သရက်ခြံအတွင်း၌ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံးနှင့်အတူ ဖမ်းမိခဲ့သည်။ စိန်လွင်၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လည်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအဝင်လမ်း အရှေ့ဘက်ရှိ တောင်ယာတဲ၌ ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလားအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ ဝင်းမျိုးထက်၏ ထွက်ဆိုချက်အရ ၎င်း၏ယောက်ဖဖြစ်သူ NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း တရားခံပြေး ဟန်ဇော်မင်းနှင့် ခင်မျိုးသက်တို့ လင်မယားပိုင်ဆိုင်သည့် ဇီးဖြူပင်ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း ၁၀၇ မမရှော့တိုက်ဒုံး ၁ လုံး သိုဝှက်ထားကြောင်း သိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ခြံဝင်းအတွင်း မြေမြှုပ်ထားသော ၁၀၇ မမရှော့တိုက်ဒုံး ၁ လုံး သိမ်းဆည်းရမိခဲ့သည်။
ဖမ်းမိတရားခံများ ထွက်ဆိုချက်အရ ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံး၏ ထိပ်ဖူးများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား အဝေရာဆည်အနီးနှင့် ဇီးဖြူပင်ရွာတို့၌ ဝှက်ထားကြောင်း သိရသဖြင့် သွားရောက်ရှာဖွေရာ အဝေရာဆည်အနီး ခြုံပုတ်အတွင်းမှ ၁၀၇ မမရှော့တိုက်ဒုံး ထိပ်ဖူး ၂ ခု၊ ဆားကစ်ပြား ၂ ခုနှင့် Remote ၁ ခု၊ ဇီးဖြူပင်ရွာနေ တရားခံပြေး သန်းထွန်း(ခ) ချင်းတွင်း၏ နေအိမ်အတွင်းမှ MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်ပစ်ဗုံးစနက်တံ ၄ ခု၊ လျှပ်စစ် ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ၄ ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းမိခဲ့သည်။
ထို့အပြင် ဖမ်းမိတရားခံများအား ဖမ်းဆီးရန်ကျန်တရားခံ နေပြည်တော် PDF အဖွဲ့ခေါင်းဆောင် ဗိုလ်တေဇ(ခ)ဟန်မင်းထွန်းမှ ၁၀၇ မမရှော့တိုက်ဒုံး ပစ်ခတ်နည်း သင်ကြားပေးခဲ့သည့် မရမ်းတောင် (အထက်)ကျေးရွာအနီး၌ သိုဝှက်သိမ်းဆည်းထားသည့် ပစ္စတိုအပစ် လက်ကိုင် ၁ ခု၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ ယမ်းပျော့ ၁ ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ် ၁ လုံး၊ ပြောက်ကျားပုခက် ၄ ခု၊ သေနတ်လွယ်ကြိုး ၁ ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကို မတ်လ ၂၅ ရက်တွင် ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၂ ဦးအား ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး ထိပ်ဖူး ၂ ခု၊ ဆားကစ်ပြား ၂ ခု၊ Remote ၁ ခု၊ ပစ္စတိုအပစ်လက်ကိုင် ၁ ခု၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်ပစ်ဗုံးစနက်တံ ၄ ခု၊ လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ လျှပ်စစ် ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ၅ ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ် ၁ လုံး၊ ပြောက်ကျားပုခက် ၄ ခု၊ သေနတ်လွယ်ကြိုး ၁ ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့သည်။
ဖမ်းမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့ ၂ ဦးသည်ဟန်ဇော်မင်း၏ ချိတ်ဆက်ပေးမှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့ဝန်းကျင်၌ လှုပ်ရှားသော ဗိုလ်တေဇ(ခ)ဟန်မင်းထွန်း၏ နေပြည်တော် PDF အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ မတ်လ ၂၂ ရက်တွင် ဗိုလ်တေဇ (ခ)ဟန်မင်းထွန်း၊ စိန်လွင်(ခ) မောင်စိန်(ခ)ခရေနှင့် ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလားတို့ ၃ ဦးသည် မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သယ်ဆောင်၍ ဖယ်ခုံမြို့ဝန်းကျင်မှ ပျဉ်းမနားမြို့နယ်၊ မရမ်းတောင် (အထက်)ကျေးရွာသို့ လာရောက်ခဲ့ပြီး ကျေးရွာအနီး တောတွင်း၌ ၁၀၇ မမရှော့တိုက်ဒုံး တပ်ဆင်ပုံနှင့် ပစ်ခတ်နည်းလေ့ကျင့်သင်ကြားခဲ့ကြောင်း၊ ၎င်းနောက် ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား နေရာ ၄ နေရာခွဲ၍ သိုဝှက်ထားခဲ့ကြောင်း သိရသည်။
ဖမ်းမိတရားခံများ ထွက်ဆိုချက်အရ ယင်းတို့သည် နေပြည်တော် PDF အဖွဲ့ခေါင်းဆောင် ဗိုလ်တေဇ စေခိုင်းမှုဖြင့် ၁၀၇ မမရှော့တိုက်ဒုံးများနှင့် ဖောက်ခွဲရေးပစ္စည်းများအသုံးပြုကာ (၇၈)နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ပျော်ပွဲရွှင်ပွဲပြုလုပ်နေသည့်နေရာများ၊ စစ်ရေးပြအခမ်းအနားကျင်းပနေသည့် စစ်ရေးပြကွင်း(ရှမ်းစု)တို့ကို အချိန်ကိုက် ပစ်ခတ်ဖောက်ခွဲခြင်းများ လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူကာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။