MT News
Written by Min Mahar
ယမန်နေ့ညနေပိုင်းက မြင်းခြံမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က Drone ဗုံးငါးလုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ၁၂ အရွယ်ကလေးငယ်တစ်ဦးနှင့်အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၇ ရက် ယနေ့ ညနေ ၃ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ဂင့်ဂဲကျေးရွာ၊ အခြေခံပ ညာအထက်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အဖွဲ့က ကျေးရွာ၏ အနောက်ဖက်မှ Drone ဗုံး၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ မျက်နှာချင်းဆိုင်မီတာ ၅၀ ခန့်အကွာတွင်ရှိသော လက်ဖက်ရည်ဆိုင်နေရာသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆိုင်အတွင်းနေထိုင်သည့် အသက် ၁၂ နှစ်အရွယ်အမျိုးသားငယ်တစ်ဦးအား ထိမှန်သွားကြောင်း သိရသည်။
အလားတူပင် မတ်လ ၂၇ ရက် နေ့လည် ၃ နာရီ ၅၀ မိနစ်တွင်လည်း မြင်းခြံမြို့နယ်၊ အခြေခံပညာအထက်ကျောင်းခွဲ (ကိုင်းကျေးရွာ)၌ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့များကိုပါ PDF အဖွဲ့မှ ကျေးရွာ၏အနောက်ဖက်မှ Drone ဗုံး ၃ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်း၏အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာ၌ရှိသော ဈေးတန်းကြားနေရာသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြောင်းဖူးပြုတ်ရောင်း၍ ပြန်လာခဲ့သည့် အသက် ၄၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးအား ထိမှန်သွားကြောင်း သိရသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသားငယ်သည် ဝဲဘက်ခါးကိုဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး စျေးသယ်အမျိုးသမီးသည်လည်း ဝဲဘက်နံရိုးကိုမိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံကိုမိုင်းစထိမှန်ခဲ့သည့်ဒဏ်ရာ ၁ ချက်နှင့် ယာဘက်ပေါင်ကိုဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၎င်းတို့ ၂ ဦးအား ၆ နာရီ ၅ မိနစ်တွင် ကိုင်းကျေးရွာလူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူနေရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးပြောဆိုမှုအရ သိရသည်။