၂၈. ၃. ၂၀၂၃
Written by Min Mahar
နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးနယ်မြေရဲစခန်းအား PDF အဖွဲ့မှ Drone ဗုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နေရာ ၄ နေရာတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ယမန်နေ့ညနေက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က မန္တ လေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးနယ်မြေရဲစခန်းအား PDF အဖွဲ့များမှ လက်လုပ် Drone ဗုံး ၆ လုံးဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ရဲစခန်းဝန်းအတွင်းရှိ ရဲစခန်းရုံး၏ မြောက်ဘက်ပေ ၃၀ ခန့်အကွာတွင် ၃ လုံး၊ ရဲစခန်းအချုပ်ခန်း၏ အနောက်ဘက်ပေ ၂၀ ခန့်အကွာတွင် ၁ လုံး၊ ရဲစခန်းအချုပ်ခန်းအနောက်ဘက် ၁၀ ပေခန့်အကွာတွင် ၁ လုံး၊ ခြောက်ခန်းတွဲ ၂ ထပ်ဆောင်အရှေ့ ၁၀ ပေခန့်အကွာတွင်လည်း ၁ လုံး၊ အားလုံးစုစုပေါင်း Drone ဗုံး ၆ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်သားအဆင့်ရှိ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ပစ်ချတိုက်ခဲ့မှုကြောင့် အဆိုပါလုံခြုံရေးတပ်ဖွဲ့ဝင်သည် ဝဲဘက်နှင့်ယာဘက်ခြေမျက်စိများတွင် ပွန်းပဲ့သွားသည့် ဒဏ်ရာ ၁ ချက်၊ ယာဘက်ခါးကို ရှပ်ထိသွားသောဒဏ်ရာ ၁ ချက်၊ ယာဘက်တင်ပါးကို ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး အဆောက် အဦတစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။