၂၈. ၃. ၂၀၂၃
Written by Min Mahar
မန္တလေး-မြင်းခြံသွားလမ်းပေါ်တွင် ခရီးသွားသာသနာ့ယာဉ်တစ်စီးအား PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ ရဟန်းတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိမှု နွားထိုးကြီးမြို့နယ်တွင် ယမန်နေ့ညဦးပိုင်းကဖြစ်ပွားခဲ့ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်ကိုမူ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခံနေရကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၇ ရက် ည ၆ နာရီခွဲကျော်က မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာ အုပ်စု၊ ညောင်ပင်သာကျေးရွာအနီးရှိ မန္တလေး-မြင်းခြံသွားလမ်း၊ မိုင်တိုင်အမှတ်(၁၂/၁)၌ အလိုတော်ပြည့်ကျောင်းတိုက် (ပုဂံ -ညောင်ဦးမြို့) မှ Alphard အဖြူရောင်ယာဉ်တစ်စီးကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၎င်းယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့်သူ ဝါတော် ၂၅ ၊ သက်တော် ၄၅ အရွယ်ခန့်ရှိသော အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်နှင့် အသက် ၅၅ နှစ်အရွယ်ခန့်ရှိသော အမျိုးသားတို့သည် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ၆ နာရီ ၄၅မိနစ်တွင် ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကြောင့် အမျိုးသားကြီးသည် နဖူးဝဲဘက်ခြမ်းဖူးရောင်ပေါက်ပြဲသွားသည့်ဒဏ်ရာ ၁ ချက်၊ နှာခေါင်းဝဲဘက်ကိုပွန်းပဲ့သွားသောဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ဆရာတော်မှာမူ ဝဲဘက်ပါးစုတ်ပြဲသွားသည့်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်မျက်ခုံးပေါက်ပြဲသွားသောဒဏ်ရာ ၁ ချက်တို့ရရှိကာ စိုးရိမ်ရသောကြောင့် ည ၇ နာရီကျော်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သဖြင့် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
လုံခြုံရေးဆောင်ရွက်လျက်ရှိသည့်ပူးပေါင်းအဖွဲ့မှလည်း အနီးပတ်ဝန်းကျင်ရှိ လျှော်ဖြူကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ မိုးကံကျေးရွာဝန်းကျင်နေရာများသို့ တရားခံများဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။