၂၇. ၃. ၂၀၂၃
Written by Phyo Wei
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်လာတဲ့ ရုရှားနဲ့ မိတ်ဆွေအဖြစ် ဆက်ရှိနေဆဲ တရုတ်တို့ရဲ့ နှစ်နိုင်ငံသမ္မတတွေ တွေ့ဆုံမှုကြောင့် ကမ္ဘာကို ဘာရိုက်ခတ်မလဲ စိတ်ဝင်စားစရာ ဒီရက်သတ္တပတ်မှာ အမေရိကန်က ဩဇာသက်ရောက်တဲ့ ထိုင်းနိုင်ငံကတော့ NUG နဲ့ PDF အဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးစစ်ဆေးနေပါတယ်။ တစ်ဖက်မှာလည်း ချင်းလက်နက်ကိုင်အဖွဲ့က သူတို့ကို လက်နက်ဝယ်ပေးမယ်ဆိုပြီး ဝယ်မပေးတဲ့အပြင် ငွေလည်းအပြည့်ပြန်မပေးတဲ့ အိန္ဒိယနိုင်ငံသားသုံးဦးကို သ-တ်ဖြတ်လိုက်ပါတယ်။ ဒါကြောင့် အိန္ဒိယဘက်ကလည်း တော်လှန်ပုန်ကန်သူ ချင်းလက်နက်ကိုင်တွေကို ကြပ်မတ်ဖို့ လုံခြုံရေးတိုးမြှင့်နေသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ပြန်လက်ခံဖို့လည်း စိုင်းပြင်းနေတဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ PDF အများအပြားသေခဲ့ရတဲ့ ဥကရစ်ထတိုက်ပွဲအကြောင်း၊ NUG၊ PDF အကြမ်းဖက်သူတွေနဲ့ ပံ့ပိုးတဲ့ EAOs တွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲပါလို့ ပြောလာတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။
“PDF အများအပြားသေခဲ့ရတဲ့ ဥကရစ်ထ“
၂၀၂၂ ခုနှစ် ဇွန် ၂၆ ရက်ကနေ ဇွန် ၃၀ ရက်အတွင်းမှာ KTLA က ဗိုလ်စလုံးရဲ့ ဆင်ဖြူစစ်ကြောင်းဟာ လူဆယ်ယောက်လောက်ပဲရှိတဲ့ တပ်မတော်ရဲ့ ဥကရစ်ထစခန်းကုန်းကို လူ ၃၀၀ လောက်နဲ့ သွားပြီးတိုက်ချိန်မှာ စစ်ကြောင်းရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်စလုံးကတော့ တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ရင်တောင် မမှီတဲ့နေရာမှာ ဘီယာသောက်နေပြီး ဥကရစ်ထစခန်းကို သိမ်းလိုက်ပြီလို့ ထိုင်းရောက်နေတဲ့သူတွေကို ဗီဒီယိုကောလ်ခေါ်ပြခဲ့တာပါ။
ဒါပေမဲ့ တကယ်တမ်းမှာတော့ စစ်ရေးအတွေ့အကြုံနုတဲ့ PDF တွေ အများအပြားသေနေပြီး မနိုင်တော့တဲ့အဆုံးမှာ ဗိုလ်စလုံးဟာ KNU တပ်ရင်း၊ တပ်မတွေ၊ PDF စစ်ကြောင်းတွေကို စစ်ကူခေါ်ခဲ့ပေမဲ့လည်း ဥကရစ်ထစခန်းကို မသိမ်းနိုင်တဲ့အပြင် PDF တွေ အသေအကြေများစွာနဲ့ စွန့်ခွာခဲ့ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Myanmar Humanitarian Action Centre တည်ထောင်သူ ကိုရဲမင်းက ဖွင့်ချခဲ့ပါတယ်။
“ကိုစလုံးကို ကျွန်တော်ပြောချင်သေးတယ်။ ဥကရစ်ထတိုက်ပွဲတုန်းကလည်း အဲဒီလိုပဲ။ ခင်ဗျားအဝေးကနေပြီးတော့ ကျွန်တော့်ကို Video Call ခေါ်ပြီး လက်ထဲမှာ ဘီယာဘူးကိုင်ထားပြီးတော့ ရှေ့မှာရဲဘော်တွေက တက်တိုက်နေတယ်။ အဝေးကြီးကနေပြီးတော့ ဟိုးအဝေးကြီးကနေပြီးတော့ တဲလေးတစ်လုံးမီးလောင်နေတာ လှမ်းပြပြီးတော့ မင်းကြည့် ဒီမှာ ငါ စခန်းသိမ်းလိုက်ပြီ။ ဥကရစ်ထစခန်းသိမ်းလိုက်ပြီဆိုပြီး လှမ်းပြ။ ကျွန်တော်တို့ကလည်း တိုက်နေတာသိတော့ ဝမ်းသာတာပေါ့။ သိမ်းလိုက်ပြီပေါ့။ မင်းက အဝေးကြီးကနေ။ အဝေးကြီးပဲ။ မင်းလှမ်းပြနေတာ မှုန်မှုန်လေးပဲ မြင်ရတယ် ဥကရစ်ထစခန်းကုန်းကို။ လက်နက်ကြီးနဲ့ လှမ်းပစ်ရင်တောင် မင်းကို မမှီဘူး။ အဲဒီတုန်းက ငါတို့တောင်ယုံပြီး ပို့စ်တွေတင်လိုက်တာ။ ငါတို့မှာ အရှက်တွေကွဲပြီးတော့ အဲဒီပို့စ်တွေပါ ပြန်ဖြုတ်ရတယ်။ နောက်ရက်ကျတော့ KNU မှာ စစ်ပညာသင်သွားတဲ့ PDF ရဲဘော်တွေပါတယ်။ KNU နယ်မြေ တပ်မဟာအသီးသီးကသွားတဲ့ ရဲဘော်တွေပါသလို တောင်ပိုင်းမှာရှိတဲ့ရဲဘော်တွေလည်းပါတယ်။ ရဲဘော်တွေအများကြီးကျတယ်။ ကျတဲ့ဟာတွေကျတော့ မင်းတို့ဖုံးကွယ်ထားတယ်” လို့ ကိုရဲမင်းက ဖွင့်ချခဲ့ပါတယ်။
PDF လူငယ်တွေ အများအပြားအသက်ပေးခဲ့ရတဲ့ ဒီတိုက်ပွဲအကြောင်းကို NUG နဲ့ PDF တွေဘက်က ဖုံးကွယ်ထားခဲ့ပေမဲ့ ၉ လအကြာမှ ဘာလို့ဖွင့်ချရသလဲဆို NUG ရဲ့ ဩဇာခံ ဆင်ဖြူစစ်ကြောင်းရဲ့ တပ်ရင်းမှူး ဗိုလ်စလုံးက သူတို့လိုပဲ NUG ဩဇာခံ ပခုက္ကူခရိုင် တပ်ရင်း (၁၀) ရဲ့ ထိုင်းဘတ်ငွေ ၁၇ သိန်းကို အလွဲသုံးစားလုပ်ပြီး ပြန်မပေးတဲ့အကြောင်း ပေါ်လာချိန်မှာ ကိုရဲမင်းကို ခြိမ်းခြောက်တာကြောင့် ကိုရဲမင်းကလည်း ဗိုလ်စလုံးရဲ့ ခေါင်းဆောင်မပီသမှုတွေကို ဖွင့်ချလာတာပါ။ ဒါဟာ ဖြစ်စဉ်တစ်ခုပဲရှိသေးပြီး အလားတူအများအပြားသေဆုံးတာတွေကို ဖုံးထားရတဲ့ဖြစ်စဉ်တွေလည်း ရှိနေသေးတယ်ဆိုတာကို NUG နဲ့ PDF တွေ ထောက်ပို့တွေ ငွေကြေးဆိုင်ရာအငြင်းပွားတိုင်းမှာ ပေါ်လာတတ်တာတွေက သက်သေပြနေဦးမှာပါ။
“NUG၊ PDF အကြမ်းဖက်သူတွေနဲ့ ပံ့ပိုးတဲ့ EAOs တွေကို ပြင်းပြင်းထန်ထန်အရေးယူမဲ့ အခြေအနေ“
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဟာ ယခင် NLD အစိုးရရဲ့ ရွေးကောက်ပွဲမဲမသမာမှုမှတစ်ဆင့် နိုင်ငံတော် အာဏာအား မသမာတဲ့နည်းလမ်းနဲ့ အဓမ္မရယူကြိုးပမ်းခဲ့တာကို တားဆီးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး ပေါ်ပေါက်လာတဲ့ အစိုးရ ဖြစ်တယ်။ နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန် အစပိုင်းမှာ ဆူပူမှုများသာ ကြုံတွေ့ခဲ့ရပေမယ့် နောက်ပိုင်းမှာ အကြမ်းဖက် သမားတွေက အပြစ်မဲ့ပြည်သူများ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အခြားသော နေရာများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာကို တွေ့ရှိရမှာပဲဖြစ်တယ်။ ဒီမိုကရေစီအပေါ် သဘောထား ကွဲလွဲမှုကြောင့် လုပ်ဆောင်လာတဲ့အကြမ်းဖက်တိုက်ခိုက်မှုကို မည်သည့်နိုင်ငံအစိုးရကမှ ခွင့်ပြုမှာမဟုတ်တဲ့အပြင် ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းနဲ့လည်း ရရှိနိုင်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုများဟာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ ဖွဲစည်းခဲ့တဲ့ NUG က ပေါက်ဖွားလာတဲ့ PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနဲ့ ၎င်းတို့ကို ကူညီနေတဲ့ အချို့သော EAOs များရဲ့ နိုင်ငံ့အပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုများသာဖြစ်တယ်။ အကြမ်းဖက်သမားများရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုများဟာ အစိုးရ တစ်ရပ်အတွက် နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်ရဲ့ ရှေ့ဆက် လျှောက်လှမ်းမယ့် အမျိုးသားအကျိုးစီးပွားများ နစ်နာဆုံးရှုံးခြင်း ဖြစ်တာကို နားလည်သဘောပေါက်ဖို့ လိုအပ်မှာပဲဖြစ်တယ်။ တို့တပ်မတော်အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့အညီ “နိုင်ငံတစ်ဝန်းရှိ ပြည်သူများရဲ့ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန် အလေးထား လုပ်ဆောင်သွားမှာပဲ” ဖြစ်တယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်”လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
ဒါ့အပြင်လည်း အကြမ်းဖက်အားပေးတဲ့ နိုင်ငံတချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြစ်မှုကျူးလွန်နေတဲ့ CRPH ၊ NUG နဲ့ PDF တွေရဲ့ အကြမ်းဖက်မှုတွေကို မဖော်ပြဘဲ SAC အစိုးရအပေါ်ပဲ ပြစ်တင်ဝေဖန်နေတာက အလွန်လွဲမှားနေတယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတိပေးပါသေးတယ်။
မှန်ပါတယ်။ NUG ယာယီသမ္မတဒူဝါလရှီးလကိုယ်တိုင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာတုန်းက Reuters Next ကို သူတို့ဟာ တပ်မတော်နဲ့ ဆက်နွှယ်နေသူ လူ ၂၅၀၀၀ လောက်ကို သ-တ်ထားပြီးပြီလို့ ပြောထားသလို ဒီသ-တ်ထားတဲ့အထဲမှာ လူ ၆၀၀၀ လောက်က SAC ယန္တရားကို လည်ပတ်အောင်လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သ-တ်ဖြတ်ခံထားရတဲ့ ဆရာ၊ ဆရာမတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ။ သူလျှို၊ ဒလန်စွပ်စွဲချက်နဲ့ သ-တ်ဖြတ်ခံထားရတဲ့ သံဃာတွေ၊ ရပ်ကျေးတွေ၊ ကလေးသူငယ်တွေပါတယ်ဆိုတာကို နိုင်ငံတကာက သိနေလျက်နဲ့ ငြိမ်နေတာပါ။ ပိုဆိုးတာက လခရတွေက သ-တ်ပါတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အရေအတွက် ၃၂၀၀ လောက်ထက် NUG ကိုယ်တိုင်က သူတို့သ-တ်ထားပါတယ်လို့ ပြောထားတဲ့ လူ ၂၅၀၀၀ က ရှစ်ဆ၊ ကိုးဆလောက်ပိုများနေတဲ့ကြားက အမေရိကန်အပါအဝင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေဟာ ဒီလို PDF သ-တ်ဖြတ်မှုတွေကို နှုတ်ပိတ်နေတာဟာ ဘက်လိုက်မှုပါ။ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ကြားဝင်စွက်ဖက်ချင်တယ်ဆိုရင် နှစ်ဖက်စလုံးကို အပြစ်ပြောရမှာဖြစ်သလို လက်နက်ကိုင်တိုင်းရဲ့ မတရားမှုကို ရှုတ်ချပြီး လက်နက်ကိုင်တိုက်ပွဲတွေ ချုပ်ငြိမ်းဖို့ ဘက်မလိုက်မူဝါဒနဲ့ စေ့စပ်ညှိနှိုင်းနိုင်ဖို့ပဲ ကြိုးစားပါလို့ ပြောချင်ပါတယ်။
“အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲ မြန်မာ“
OIC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားဟာ မြန်မာနိုင်ငံကို အာဆီယံကနေ ဆိုင်းငံ့ဖို့ ထုတ်ပယ်ဖို့ကို အရမ်းတွန်းအားပေးတဲ့နိုင်ငံပါ။ လက်ရှိမှာ အာဆီယံဥက္ကဋ္ဌဖြစ်နေတာကလည်း သူ့လို ဘာသာတူတဲ့ OIC နိုင်ငံ အင်ဒိုနီးရှားဖြစ်နေတာကြောင့်လည်း မြန်မာနိုင်ငံကို အာဆီယံကနေ ဆိုင်းငံ့ဖို့အတွက်ကို နိုင်ငံတကာသတင်းမျက်နှာစာမှာ ထ ပြောတဲ့အထိကို ရုပ်ပျက်နေတာပါ။ ဒါကြောင့်လည်း စင်ကာပူက လွှတ်တော်ကိုယ်စားလှယ်က မြန်မာနိုင်ငံကို အာဆီယံကနေ ထုတ်ပယ်ဖို့၊ ဆိုင်းငံ့ဖို့အတွက် တောင်းဆိုမှုတွေအပေါ် စင်ကာပူအစိုးရက ဘယ်လိုသဘောထားရှိလဲ မေးချိန်မှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံအဖြစ် ရှိနေဆဲပါလို့ တရားဝင်ဖြေခဲ့တာပါ။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ အာဆီယံအတွက်လည်း ဖိအားပါ။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အခြေပြုပြီး
အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ စတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အာဆီယံမှာ လာခြေစမ်းနေတာမို့လို့ မြန်မာကသာ ခတ်ကွင်းဖြစ်သွားရင် အိမ်နီးချင်းနိုင်ငံတွေဟာလည်း အဖျားခတ်ကုန်မှာမို့လို့ သူတို့ဟာ မြန်မာ့အရေးဖြေရှင်းချိန်မှာ အင်အားကြီးနိုင်ငံတွေ ဝင်ပြီး ခြေရှုပ်တာကို အာဆီယံကလည်း မနှစ်လိုသလို ဒီလိုဝင်ခြေရှုပ်မှာစိုးလို့ကို လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကလည်း မြန်မာ့အရေးကို လူအများမြင်သာတဲ့ ဖြေရှင်းနည်းနဲ့ လုပ်ဆောင်မှာမဟုတ်ဘူးလို့ကို ထုတ်ပြောထားရတာပါ။
သေချာတာကတော့ မြန်မာ့အရေးမှာ နိုင်ငံကြီးတွေနဲ့ အာဆီယံက တစ်ဖက်တည်းကိုပဲ အပြစ်တင်နေပြီး တစ်ဖက်တည်းကိုပဲ ပံ့ပိုးနေမဲ့အစား သူတို့ကိုယ်တိုင်က ဒီအရေးမှာ ပါဝင်ပတ်သက်သူအကုန်လုံးကို ထိတွေ့ဆက်ဆံနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ မြန်မာ့အရေးကို ဖြေရှင်းမဲ့သူတွေက သူတို့ကိုယ်တိုင်ကျတော့ အစိုးရတစ်ရပ်အဖြစ်တာဝန်ယူထားသူတွေကို မဆက်ဆံဘဲနဲ့ မြန်မာအစိုးရကိုကျမှ ပါဝင်ပတ်သက်သူတွေအားလုံး တွေ့ဆုံဆွေးနွေးပါလို့ ပြောဆိုနေတာဟာ အဓိပ္ပါယ်မရှိပါဘူးလို့ ထင်မြင်မိကြောင်း တင်ပြရင်းနဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။