၂၇. ၃. ၂၀၂၃
Written by Pan Ei
ဟောလိဝုဒ်လောကမှာ အလျင်မြန်ဆုံး ကျော်ကြားခဲ့တဲ့ ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်တဲ့ မင်းသား ဂျော်နသန် မေဂျာစ် ဟာ အိမ်တွင်းအကြမ်းဖက်မှုကြောင့် မတ်လ ၂၅ ရက် (စနေနေ့)က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ နယူးယောက်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
မကြာသေးမီက “Creed III” နဲ့ “Ant-Man and the Wasp: Quantumania” တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် မင်းသား Jonathan Majors ကို နယူးယောက်၊ ချဲလ်ဆီးရပ်ကွက်၊ မန်ဟက်တန်ရှိ တိုက်ခန်းတစ်ခုမှ အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ နယူးယောက်ရဲဌာနက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်ခံရသူက ရဲကို အကြောင်းကြားခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရသူမှာ အသက် ၃၀ အရွယ် အမျိုးသမီးဖြစ်ကာ သူမရဲ့ ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။
နယူးယောက်ရဲတပ်ဖွဲ့ရဲ့ အဆိုအရ မေဂျာစ် ဟာ လည်ပင်းညှစ်ခြင်း၊ နှိပ်စက်ခြင်းနဲ့ နှောင့်ယှက်ခြင်းစတဲ့ စွဲချက်တွေနဲ့ရင်ဆိုင်နေရဖွယ်ရှိပြီး မေဂျာစ် ရဲ့ ရှေ့နေ Priya Chaudhry ကတော့ မင်းသားမှာ လုံးဝအပြစ်မရှိကြောင်းနဲ့ သူနဲ့သိတဲ့ အမျိုးသမီးနဲ့ ရန်ဖြစ်ငြင်းခုံတဲ့ကိစ္စမှာ သူကသားကောင်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ရှေ့နေ Priya Chaudhry က တရားစွဲဆိုချက်တွေကို မကြာမီ ရုပ်သိမ်းနိုင်ဖို့ ခရိုင်တရားရုံးထံ သက်သေအထောက်အထားတွေ အမြန်စုဆောင်းပြီး တင်ပြခဲ့ပြီး အဆိုပါ သက်သေအထောက်အထားတွေထဲမှာ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိခဲ့တဲ့ယာဉ်မှ ဗီဒီယိုမှတ်တမ်း၊ ယာဉ်မောင်းနဲ့ အခြားသက်သေတွေရဲ့ ထွက်ဆိုချက်တွေအပြင် စာနှစ်စောင်လည်း ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် အမေရိကန်စစ်တပ်က ဂျော်နသန် မေဂျာစ် နဲ့ လက်တွဲလုပ်ထားတဲ့ စုဆောင်းရေးကြော်ငြာသစ်နှစ်ခုကို ရပ်ဆိုင်းထားပြီး အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်လို့လည်း အလွန်စိုးရိမ်မိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref; CNN