၂၇. ၃. ၂၀၂၃
MT News
ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်း၍ တစ်အောင်စလျှင် ဒေါ်လာ ၁,၉၇၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးတက်စဉ်က မြင့်တက်ခဲ့သည့် ရွှေဈေးနှုန်း ၂၉ သိန်းအောက်သို့ ပြန်လည်ကျဆင်းလာခြင်း မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့်မတ်လဆန်းမှ စတင်၍ ကမ္ဘာ့ရွှေဈေးစတင်မြင့်တက်လာခဲ့သော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ ကျပ် ၂၈ သိန်းခွဲဝန်းကျင်မှာသာရှိခဲ့ပြီး မတ်လ ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ဒေါ်လာ ၂,၀၀၀ အထက်သို့ ရောက်ရှိခဲ့သဖြင့် ပြည်တွင်းရွှေဈေးနှုန်းမှာ ကျပ်သိန်း ၃၀ ခန့်အထိ ဖြစ်ပေါ်ခဲ့သည်။
သို့သော်လည်း ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၃၀ ကျော် ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ ကျပ် ၂,၉၃၀,၀၀၀ ဖြင့် အမြင့်ဈေးမှာပင် ဆက်လက်ရှိနေခြင်းဖြစ်သည်။
“ကမ္ဘာ့အခြေအနေကြောင့် တက်သွားတာလဲ မှန်တယ်။ ဒီမှာကလည်း လက်ရှိအခြေအနေ အခင်းအကျင်းကလည်း ဈေးနှုန်းကို ထိန်းကျောင်းရမယ့်ခေတ်ကာလဆိုတော့လည်း ထိန်းကျောင်းရမယ့် သဘောတော့ဆောင်နေတာပေါ့” ဟု ရွှေလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂,၀၀၀ ကျော် ဖြစ်ခဲ့သည့် မတ်လ ၂၀ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ ခန့်အထိ မြင့်တက်ခဲ့ပြီး ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်မှုကြောင့် အချို့သောရွှေရောင်းသူများ အရောင်းအဝယ် ခေတ္တရပ်နားမှုများရှိခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် ပြည်တွင်းရွှေဈေးနှုန်းကို ဆွဲတင်ဈေးကစားမှု ဖြစ်စဉ်များလည်းဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ရွှေဈေးတည်ငြိမ်မှု ပျက်ပြားစေရန် ဈေးကစားသူများ၊ ကောလာဟလများကို လူမှုကွန်ယက်၊ Online တို့မှ ထုတ်လွှင့်၍ ရွှေဈေးမတည်ငြိမ်အောင် ဆောင်ရွက်နေသူများအား စုံးစမ်းဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မတ်လ ၂၁ ရက် တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ မတ်လ ၂၁ ရက်တွင် ရွှေဈေးနှုန်း ၂,၉၅၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၃ ကျပ်၊ မတ်လ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၂,၉၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၃၊ မတ်လ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၂,၉၃၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၅ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။