၂၇. ၃. ၂၀၂၃
Written by Peya
အမျိုးသမီးကိုယ်စားလှယ်လောင်း အများစု ပါဝင်မည့် အမျိုးသမီးပါတီ (မွန်) က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ မှ ဥက္ကဋ္ဌ ဒေါ်မိသန်းရှင် က MT News သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
အဆိုပါ ပါတီသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေစိုက်ထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေသစ်အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ရန် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“(ကိုယ်စားလှယ်လောင်းတွေက) အမျိုးသမီးတွေပဲ ဦးစားပေးသွားမှာပါ။ အမျိုးသမီး အရေးတွေ ပါလာမယ်။ လုပ်စရာ မလိုပဲ ဒီအရေးက ပါထားပြီးသားပါ။ အဲ့ဒီလို ရှိပါတယ်” ဟု ဒေါ်မိသန်းရှင် က ဆိုသည်။
အဆိုပါ ပါတီအနေဖြင့် ယခင်က ရွေးကောက်ပွဲအတွက် ၎င်းပါတီ သွားရောက်ခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက်ပြီး မဲဆွယ်သွားရန် ကနဦး စီစဉ်ထားကာ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဖွဲ့စည်းပုံ အသစ် မထွက်ခင်တည်းက ကျွန်မတို့ သွားနေကျ နေရာပဲပေါ့။ အဲ့ဒီ နေရာကနေ နောက်ကို မဆုတ်ဘူးလေ။ ကျွန်မတို့ ရည်ရွယ်ချက်က မွန်တွေ ရှိတဲ့နေရာမှာ ရှိနေတဲ့မွန်တွေဆီကို အရောက်သွားပြီးတော့ ဆိုးတူ ကောင်းဖက်ပေါ့နော်။ မွန်အချင်းချင်း လက်တွဲပြီး အခြေအနေပေါ်မူတည်ပြီး သွားမှာပေါ့။ ကိုယ်လူမျိုးအချင်းချင်း ဖေးမပြီး သွားတဲ့ သဘောပါ” ဟု ဒေါ်မိသန်းရှင်က ဆိုသည်။
ရွေးကောက်ပွဲ ဥပဒေသစ်အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ဝင်မည့် ပါတီသည် ၁၆၅ မြို့နယ်တွင် ရုံးဖွင့်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည့်အတိုင်း ယှဉ်ပြိုင် သွားရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။