၂၇. ၃. ၂၀၂၃
Written by Ye Kyaw
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံလျာထားခဲ့ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်ပတ်ခန့်ကျန်ရှိနေသေးသော်လည်း လျာထားချက်ထက် ဒေါ်လာသုံးဘီလျံကျော်အထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၁၄ ဘီလျံဖြင့် စုစုပေါင်းပြည်ပကုန်သွယ်မှု ဒေါ်လ ၂၉ ဒသမ ၅ ဘီလျံရရှိရန် လျာထားခဲ့ကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
လက်ရှိဘဏ္ဍာနှစ် ၁၁ လခွဲကျော်တွင် ပို့ကုန်တင်ပို့မှုလျာထားချက် ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံထက် ဒေါ်လာသန်း ၄၅၀ ကျော် ပိုမိုဆောင်ရွက်ခဲ့ပြီး သွင်းကုန်တင်သွင်းမှုလျာထားချက် ဒေါ်လာ ၁၄ ဘီလျံထက် ဒေါ်လာ ၂ ဒသမ ၇ ဘီလျံအထိ ပိုမိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ စုစုပေါင်းပြည်ပကုန်သွယ်မှုလျာထားချက် ၂၉ ဒသမ ၅ ဘီလျံထက် ဒေါ်လာ ၃ ဒသမ ၁၅၉ ဘီလျံအထိ ပိုမိုဆောင်ရွက်နိုင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP)နှင့် အခြားပို့ကုန်များကို အဓိကတင်ပို့လျက်ရှိပြီး သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ CMP လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်ကဏ္ဍတွင် စက်မှုကုန်ချော (CMP)နှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို အများဆုံးတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး သွင်းကုန်ကဏ္ဍတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းနှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို အများဆုံးတင်သွင်းထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။