◾️ အကြမ်းဖက်အားပေးနိုင်ငံအချို့နှင့် အဖွဲ့အစည်းများက ပြစ်မှုကျူးလွန်နေသည့် CRPH ၊ NUG နှင့် PDF တို့၏ အကြမ်းဖက်မှုများ မဖော်ပြဘဲ အစိုးရအပေါ် ပြစ်တင်ဝေဖန်နေမှု အလွန်လွဲမှားနေဟု ပြော
၂၇. ၃. ၂၀၂၃
Written by Nay Moe
NUG၊ PDF အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့ကို ပံ့ပိုးနေသည့် EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်အားပေးသည့်နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပြစ်မှုကျူးလွန်နေသည့် CRPH ၊ NUG နှင့် PDF တို့၏ အကြမ်းဖက်မှုများကို မဖော်ပြဘဲ SAC အစိုးရအပေါ်သာ ပြစ်တင်ဝေဖန်မှုပြုလုပ်နေသည်မှာ အလွန်လွဲမှားနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ကျရောက်သည့် ၇၈ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဟာ ယခင် NLD အစိုးရရဲ့ ရွေးကောက်ပွဲမဲမသမာမှုမှတစ်ဆင့် နိုင်ငံတော်အာဏာအား မသမာတဲ့နည်းလမ်းနဲ့ အဓမ္မရယူကြိုးပမ်းခဲ့တာကို တားဆီးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး ပေါ်ပေါက်လာတဲ့ အစိုးရ ဖြစ်တယ်။ နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန် အစပိုင်းမှာ ဆူပူမှုများသာ ကြုံတွေ့ခဲ့ရပေမယ့် နောက်ပိုင်းမှာ အကြမ်းဖက်သမားတွေက အပြစ်မဲ့ပြည်သူများ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အခြားသော နေရာများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာကို တွေ့ရှိရမှာပဲဖြစ်တယ်။ ဒီမိုကရေစီအပေါ် သဘောထားကွဲလွဲမှုကြောင့် လုပ်ဆောင်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မည်သည့်နိုင်ငံအစိုးရကမှ ခွင့်ပြုမှာမဟုတ်တဲ့အပြင် ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းနဲ့လည်း ရရှိနိုင်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုများဟာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ ဖွဲ့စည်းခဲ့တဲ့ NUG က ပေါက်ဖွားလာတဲ့ PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနဲ့ ၎င်းတို့ကို ကူညီနေတဲ့ အချို့သော EAO များရဲ့ နိုင်ငံအပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုများသာဖြစ်တယ်။ အကြမ်းဖက်သမားများရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုများဟာ အစိုးရ တစ်ရပ်အတွက် နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်ရဲ့ ရှေ့ဆက် လျှောက်လှမ်းမယ့် အမျိုးသားအကျိုးစီးပွားများ နစ်နာဆုံးရှုံးခြင်း ဖြစ်တာကို နားလည်သဘောပေါက်ဖို့ လိုအပ်မှာပဲဖြစ်တယ်။ တို့တပ်မတော်အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့အညီ “နိုင်ငံတစ်ဝန်းရှိ ပြည်သူများရဲ့ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန် အလေးထား လုပ်ဆောင်သွားမှာပဲ” ဖြစ်တယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့ကြောင့် ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလတွင် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုသို့လုပ်ဆောင်ရခြင်းမှာ ပြည်သူများကို ထိန်းချုပ်ကန့်သတ်ခြင်းမဟုတ်ဘဲ ဒေသခံပြည်သူလူထု အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ဆောင်ရွက်နေကြသည့် အကြမ်းဖက်သမားများ၏ လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ရခြင်းသာဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ထို့ပြင် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် နောက်ဆုံးအချက်မှာ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့်အချက်ကို အတိအလင်း ဖော်ပြထားပြီးဖြစ်သည်။ ထို့အတွက် ရွေးကောက်ပွဲကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်ပြီး တရားမျှတစွာနှင့် ပြည်သူများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုးစေရေး၊ အကြားအလပ်မရှိ မဲပေးနိုင်ရေးကို ဆောလျင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အဓိက လိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းရေးသာဖြစ်ကြောင်းနှင့် အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူများ၏ အနာဂတ်မျှော်လင့်ချက်အတွက် မဲပေးရွေးချယ်တင်မြှောက်ခြင်း ဖြစ်သောကြောင့် ရွေးကောက်ပွဲကို ပြီးစလွယ်လုပ်၍မရနိုင်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲပြုလုပ်သည့်နေ့တွင် ပြည်သူအပေါင်းက ယုံကြည်စွာ မဲပေးခဲ့သော်လည်း တိုင်ကြားမှုများစွာရှိခဲ့ပြီး စစ်ဆေးဖော်ထုတ်ရာ မဲစာရင်းများ မသမာမှုပြုလုပ်ခဲ့မှု၊ မဲပေးရာ၌ အမျိုးမျိုးအဖုံဖုံသော မသမာမှုများနဲ့ မဲပေးခဲ့ကြမှုများပေါ်ပေါက်လာသောကြောင့် မြန်မာ့ဒီမိုကရေစီသမိုင်းတစ်လျှောက်တွင် အလွန်အကျည်းတန်ခဲ့ရကြောင်းနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာမှုများမှာ နိုင်ငံ့အတွက် ကြီးမားသည့် သင်ခန်းစာဖြစ်ခဲ့ရ၍ အလားတူမဖြစ်ရန် ဆောင်ရွက်သွားကြရမည်ဟုလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“အထွေထွေရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ရွေးကောက်ပွဲဖြစ်သလို အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို ပုံဖော် ဖန်တီးသွားမှာဖြစ်လို့ တို့တစ်တွေအားလုံး အသိတရားရှိရှိ အမြော်အမြင်ကြီးစွာနဲ့ ဆောင်ရွက်ကြဖို့လိုမယ်။ အကြမ်းဖက်အားပေး နိုင်ငံအချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူတချို့က နိုင်ငံတည်ငြိမ်မှုပျက်ပြားအောင်ပြုလုပ်ပြီး ပြစ်မှု ကျူးလွန်တဲ့ CRPH ၊ NUG နဲ့ ၎င်းတို့လက်ဝေခံ PDF အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို မဖော်ပြဘဲ အစိုးရအပေါ် ပြစ်တင်ဝေဖန်နေတာဟာ အလွန်ပဲလွဲမှားနေတယ်။ NUG နဲ့ ၎င်းတို့လက်ဝေခံ PDF တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းအောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံကိုဖျက်ဆီးနေတဲ့ ပြည်သူကိုသတ်နေတဲ့ ဒီအကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားရမှာပဲ ဖြစ်တယ်။ နိုင်ငံတကာအသိုက် အဝန်းအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ခိုင်မာစွာလျှောက်လှမ်းနိုင်ရန်အတွက် လက်ရှိအစိုးရရဲ့ ကြိုးပမ်းလုပ်ဆောင်မှုများကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများရဲ့ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လေးစားပြီး အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဒီနေရာကနေတစ်ဆင့် တိုက်တွန်းပြောကြားလိုတယ်။ တို့နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အားလျော်စွာ အာဆီယံနဲ့ဆိုင်တဲ့ အရေးကိစ္စများကို အာဆီယံစိတ်ဓာတ်၊ အာဆီယံအမြင်၊ အာဆီယံ ပဋိညာဉ်တို့နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။