၂၇. ၃. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံ၏လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်အဆင့်ရှိသည့် တင်ဒါများ ခေါ်ယူသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“ကျွန်တော်တို့ဆီမှာ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေလည်း မကြာခင်မှာ နိုင်ငံတော်အဆင့်အနေနဲ့ Tendering ခေါ်ပြီးတော့ ဆောင်ရွက်ဖို့ လုပ်နေပါတယ်။ ပြင်ဆင်နေပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက ပြောကြားသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၆ ခု လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆ ဒသမ ၁၆၇ ဘီလျံရှိကာ စုစုပေါင်း လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၈ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၃ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းကဏ္ဍ ၁၂ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုအပါအဝင်) လုပ်ငန်းပေါင်း ၂,၃၇၀ ကျော်လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဘီလျံခန့်အထိ ရှိသည်။
ယခုမတ်လအတွင်း ရေအားလျှပ်စစ်စီမံကိန်းအသစ် လေးခုအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာ ပြုစုခြင်းအပါအဝင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်တွင်းကုမ္ပဏီများအား တင်ဒါ်ခေါ်ယူထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သိရသည်။