၂၇. ၃. ၂၀၂၃
Written by Pan Ei
ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဟာ တစ်နေ့တစ်ခြားပိုမိုတိုးတက်လာတာနဲ့အတူ ဆိုရှယ်မီဒီယာကိုအမှီပြုပြီး အသက်မွေးဝမ်းကြောင်း ရှာဖွေသူတွေ၊ စိတ်အပန်းဖြေဖို့ရာ အသုံးပြုကြသူတွေ၊ ဖျော်ဖြေရေးနယ်ပယ်တွေမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘာတစ်ဝန်းမှာ အသုံးပြုသူတွေရှိနေကြပြီး ဒီလိုမျိုး ဆိုရှယ်မီဒီယာပလက်ဖောင်းတွေထဲမှာ ဗီဒီယိုအတိုမျှဝေတဲ့ TikTok ပလက်ဖောင်းဟာလည်း ကမ္ဘာတစ်ဝန်းမှာ လူကြိုက်များ၊ ကျော်ကြားလျက်ရှိနေပါတယ်။
အမေရိကန်မှာ အသုံးပြုသူ သန်း ၁၅၀ ကျော်ရှိတဲ့ TikTok ကို နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်အမတ်တွေက အချက်အလက် စုဆောင်းခြင်း၊ ဆိုက်ဘာလုံခြုံရေး၊ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေခြင်းစတဲ့ စွပ်စွဲချက်တွေနဲ့အတူ TikTok ပလက်ဖောင်း အသုံးပြုမှုကို အမေရိကန်မှာ ပိတ်ပင်ဖို့ ကြိုးပမ်းလျှက် ရှိနေတာကြောင့် အမေရိကန်နိုင်ငံရဲ့ TikTok ဘလော့ဂါတွေရဲ့ အိပ်မက်တွေနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဟာ ပျက်စီးသွားနိုင်ဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့အပတ်က သမ္မတ ဘိုင်ဒန် အစိုးရက TikTok ရဲ့ တရုတ်ပိုင်ရှင်တွေကို သူတိုရဲ့ရှယ်ယာတွေကို ဖျက်သိမ်းဖို့ ဒါမှမဟုတ်ရင် တားမြစ်ပိတ်ပင်မှုကို ရင်ဆိုင်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
လူငယ်မဲဆန္ဒရှင်တွေရဲ့ နှစ်သက်လှတဲ့ တစ်စုံတစ်ရာကို တားမြစ်ပိတ်ပင်တာဟာ သမ္မတဂျိုးဘိုင်ဒင်အတွက် နိုင်ငံရေးအရ ထိခိုက်စေမှာကို ဒီမိုကရက်တစ်အမတ်အချို့က စိုးရိမ်နေကြပြီး Trans Chicana TikTok အကောင့် ဖန်တီးသူ နာအိုမီဟတ်စ် က “TikTok အသုံးပြုမှုကို ပိတ်ပင်လိုက်ပါက ၂၀၂၀ ခုနှစ်တုန်းက သူမ မဲပေးခဲ့တဲ့ ဘိုင်ဒန် အပေါ် သူမရဲ့ယုံကြည်မှုတွေ နည်းပါးသွားလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
TikTok ဘလော့ကာတွေဟာ မတ်လ ၂၂ ရက်တုန်းက အမေရိကန် လွှတ်တော်အပြင်ဘက်မှာ အမေရိကန် အစိုးရရဲ့ ByteDance ကုမ္ပဏီပိုင် TikTok အသုံးပြုမှု တားမြစ်တာကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး TikTok က သူတို့ရဲ့ အိမ်မက်တွေနဲ့ အသက်မွေးဝမ်းကြောင်းအတွက် အရေးပါကြောင်းကို ဖော်ပြခဲ့ကြပါတယ်။
မတ်လ ၂၄ ရက်နေ့တုန်းကလည်း TikTok အမှုဆောင်အရာရှိချုပ် ရှူးဇီချူး က အမေရိကန်လွှတ်တော်ရဲ့ တင်းမာတဲ့ ကြားနာမှုမှာ လွှတ်တော်အမတ်တွေထံက တင်းမာတဲ့မေးခွန်းများကို ရင်ဆိုင်ခဲ့ရပါတယ်။
“ကျွန်ုပ်တို့ဟာ တရုတ်အစိုးရ၏တောင်းဆိုချက်အရ အကြောင်းအရာတွေကို ထည့်သွင်းတာတွေ၊ ဖယ်ရှားတာတွေကို မပြုလုပ်ပါဘူး။ ဒီပလက်ဖောင်းက မည်သည့်ချယ်လှယ်၊ စီမံမှုနဲ့မှ ပတ်သက်ခြင်း မရှိပါဘူး” လို့လည်း ရှူးဇီချူး က ကြားနာမှုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref; Reuters