MT News
Written By Thandar
ဇာတ်သဘင်အခြေခံ ဘဝသရုပ်ဖော်ဇာတ်လမ်း “ယောကျာ်းကောင်းအတောင်နှစ်ဆယ်”ရုပ်ရှင်ဇာတ်ကားကြီးအတွက် သရုပ်ဆောင်သစ်လူရွေးချယ်ပွဲကို မတ်လ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်မြှင့်တင်ရေးမှာ ပြုလုပ်ခဲ့ပါတယ်။
“ကျွန်တော်ဗီဒီယိုဇာတ်ကားမှာ ဒါရိုက်တာအနေနဲ့ ရိုက်ကတည်းက ကျွန်တော့်သူငယ်ချင်း ထုတ်လုပ်ရေးကသူတွေကိုလည်း ဒီကားကို ပြဖူးပါတယ်။ ဘယ်သူမှ မရိုက်ရဲကြဘူး။ ဇာတ်ကားရဲ့ ဇာတ်က ကြီးလည်းကြီးသလို ကုန်ကျစရိတ်လည်းများပါတယ်။ ဘုန်းရောင်လျှံရုပ်ရှင်ထုတ်လုပ်ရေးက ကိုဂျက်က ဒီကားကို ရိုက်မယ်ပြောလို့ အခုမှပဲ ကျွန်တော်အသက် ၇၀ကျော်မှာ ရိုက်ကူးဖြစ်မယ့် ဇာတ်ကားပါ။ သရုပ်ဆောင်သစ်တွေနဲ့ရိုက်ရတာကလည်း ကျွန်တော်တို့(ရှုမဝ)ကရိုက်ခဲ့တဲ့ “စေလိုရာစေ” ဇာတ်ကားဆိုရင် အကုန်လုံး သရုပ်ဆောင် အသစ်တွေနဲ့ပဲ ရိုက်ခဲ့တာပါ။ ရုပ်ရှင်လောကထဲကလူ တစ်ယောက်မှ မပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့လည်း ဒီဇာတ်ကားလေးကို သရုပ်ဆောင် အသစ်တွေနဲ့ပဲ ရိုက်မယ်လို့ စိတ်ကူးရှိလို့ အခုလိုမျိုး သရုပ်ဆောင်အသစ်တွေကို ရွေးချယ်ဖြစ်တာပါ ”လို့ ဒါရိုက်တာမောင်တင်ငြိမ်း(ရှုမဝ)ကပြောပါတယ်။
ဘုန်းရောင်လျှံရုပ်ရှင်ထုတ်လုပ်ရေးက ပွဲဦးထွက်ရုပ်ရှင်ကားရဲ့ သရုပ်ဆောင်ရွေးချယ်ပွဲမှာ ဒါရိုက်တာ မောင်သီ၊ ဒါရိုက်တာ မောင်တင်ငြိမ်း (ရှုမဝ) ၊ ဒါရိုက်တာ Dအေးလွင်၊ သရုပ်ဆောင် ဆွေဇင်ထိုက်၊ သရုပ်ဆောင် မြင့်မြင့်ခိုင်၊ ဦးမြတ်ခိုင် တို့က အကဲဖြတ် စစ်ဆေးရွေးချယ်ခဲ့ကြပါတယ်။
စာရေးဆရာ တင်သန်းဦးရဲ့ ဝတ္ထုကို ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူးမယ့် “ယောကျာ်းကောင်းအတောင်နှစ်ဆယ်” ရုပ်ရှင်ဇာတ်ကာဟာ ဇာတ်သဘင်လောကသားတွေရဲ့ လူနေမှုဘဝ၊ ကြီးမားလှတဲ့ မေတ္တာဘွဲ့ကို ဖော်ညွှန်းပြသထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီကားဇာတ်ညွှန်းပိုင်းကို အကယ်ဒမီဇော်မြင့်ဦးက ရေးသားပေးပြီးတော့ ဒါရိုက်တာ မောင်တင်ငြိမ်း(ရှုမဝ) ရဲ့ ဒုတိယအကြိမ် အနုပညာပိုင်းကို ပြန်လည်အသက်သွင်း ရိုက်ကူးတင်ဆက်မဲ့ဇာတ်ကားလည်းဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော့်တို့ရဲ့ မြန်မာ့ယဉ်ကျေးမှုလည်း မပပျောက်အောင်၊ ကလေးတွေလည်း သူတို့ဝါသနာပါတဲ့ အနုပညာလမ်းခရီးမှာ လျှောက်လှမ်းနိုင်အောင်အတွက် ဆရာမောင်တင်ငြိမ်း (ရှုမဝ)နဲ့ တိုင်ပင်ပြီး ဆောင်ရွက်ခဲ့တာပါ။ သူက ကျွန်တော့်ကို ပြောပါတယ်။ ဒီအချိန်မှာ အမြတ်မရှိပါဘူးတဲ့။ ကျွန်တော်အမြတ်ရတာထက် ကလေးတွေ အောင်မြင်ပြီး အနုပညာအစစ်ကို ရသွားခဲ့မယ်။ ဆရာကြီးတွေရဲ့ နည်းလမ်းအတိုင်း သူတို့ သင်ယူပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် ဒါက ကျွန်တော့်အတွက် အမြတ်ပါပဲ။ အဓိက,ကတော့ အကျိုးအမြတ်ရဖို့ထက် အနုပညာမောင်မယ် အသစ်လေးတွေ အနုပညာလောကထဲ ရောက်အောင်၊ အနုပညာ မတိမ်ကောသွားအောင် ရည်ရွယ်တာပါ”လို့ ဘုန်းရောင်လျှံရုပ်ရှင်ထုတ်လုပ်ရေးက အောင်ကျော်စွာ ( ကိုဂျက်)က ပြောပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားအတွက် ရွေးချယ်ခံရတဲ့ သရုပ်ဆောင်သစ်တွေကို လိုအပ်တဲ့ သရုပ်ဆောင်သင်တန်းပိုင်းတွေကိုလည်း သင်ကြားပို့ချပြီး ဧပြီလအတွင်း လှည်းကူးမြို့နယ်မှာ စတင် ရိုက်ကူးသွားမယ်လို့သိရပါတယ်။