၂၅. ၃. ၂၀၂၃
Written by Pan Ei
အမေရိကန်၊ တက္ကဆက်ပြည်နယ် ကုန်တင်ရထားတစ်စီးပေါ်တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူဟု သံသယရှိသူနှစ်ဦး အသက်ရှူကြပ်သေဆုံးပြီး အခြား ၁၀ ဦးအား တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိ ဆေးရုံသို့ သောကြာနေ့တွင် ရဟတ်ယာဉ်နှင့် လူနာတင်ယာဉ်တို့ဖြင့် ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တက္ကဆက်ပြည်နယ်၊ ယူဗလာဒီမြို့ရှိ ရဲအရာရှိများသည် ရထားတစ်စင်းအတွင်း ရွှေ့ပြောင်းနေထိုင်သူများ အသက်ရှူကြပ်နေကြောင်း အမည်မသိ အရေးပေါ် ဖုန်းခေါ်ဆိုမှုတစ်ခုအား ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ရွှေ့ပြောင်းနေထိုင်သူ ၁၅ ဦးထက်မနည်း ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း သိရသည်။
ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးမှူးများသည် လူမှောင်ခိုကူးမှုဖြစ်နိုင်ခြေကို ရှာဖွေနေကြောင်း သိရပြီး အဆိုပါဖြစ်ရပ်ဖြစ်ပွားသည့် အနီးအနားတွင် ယမန်နှစ်ကလည်း ထရက်ကားဖြင့် လူမှောင်ခိုကူးမှုဖြစ်ပွားခဲ့ရာ ကားနောက်ခန်းတွင် အပူရှိန်ကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၅၃ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ယူဗလာဒီမြို့ ရဲချုပ် Daniel Rodriguez က “ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပူပြင်းတဲ့ရာသီဥတုကြောင့် ရထားထဲမှာ အပူဒဏ်ကြောင့် ရေဓာတ်ခန်းခြောက်တာ ဖြစ်နိုင်ပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို ဒီအခြေအနေမှာ တွေ့ရှိရပြီး နှစ်ဦး အသက်ဆုံးရှုံးတာကို တွေ့ရတာ ဝမ်းနည်း၊ စိတ်မကောင်းစရာပါပဲ” ဟု ပြောကြားခဲ့သည်။
Ref; Reuters