၂၅. ၃. ၂၀၂၃
translated by Htwe Ko Tun
မတ်လ ၁၀ ရက်တွင် အမေရိကန်ပြည်ထောင်စု၏ ဘဏ်ကြီးတစ်ခုဖြစ်သော Silicon Valley Bank (SVB) ပြိုလဲခဲ့ပြီးနောက်တွင် အမေရိကန်နိုင်ငံအတွင်းရှိ ဘဏ်ငယ်များ၌ အပ်ငွေများမှာ စံချိန်တင်အောင်ကျဆင်းလာနေကြောင်း အမေရိကန်ဗဟိုဘဏ်က မတ်လ ၂၄ ရက်တွင် ထုတ်ပြန်သော စာရင်းဇယားများ၌ ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ၏ ဘဏ်ငယ်များ၌ အပ်ငွေများက မတ်လ ၁၅ ရက်အကုန်တွင် ဒေါ်လာ ၁၁၉ ဘီလျံမှ ဒေါ်လာ ၅ ဒသမ ၄၆ ထရီလျံအကြား ကျဆင်းလာသည်ဟု စာရင်းဇယားများကဆိုသည်။ ယင်းမှာ ယခင်က ဘဏ်များတွင် အပ်ငွေကျဆင်းခဲ့မှု၏ နှစ်ဆခန့်အထိ စံချိန်တင်မြင့်မားကာ အကြီးမားဆုံးသော ဘဏ်အပ်ငွေကျဆင်းမှုဖြစ်ကြောင်း သိရသည်။
ဘဏ်များကလည်း ချေးငှားမှုများမြင့်လာကာ အထူးသဖြင့် အမေရိကန်၏ အကြီးမားဆုံး ကူးသန်းရောင်းဝယ်ရေးဘဏ်ကြီး ၂၅ ခု၌ဆိုလျှင် ဒေါ်လာ ၂၅၃ ဘီလျံမှ ဒေါ်လာ ၆၆၉ ဒသမ ၆ ဘီလျံသို့ စံချိန်တင်အောင် ချေးငှားမှု မြင့်တက်လာကြောင်း ဗဟိုဘဏ်စာရင်းဇယားများက ဖော်ပြခဲ့သည်။ ထိုအခြေအနေ၏ ရလဒ်အဖြစ် ဘဏ်ငယ်များမှာ ဒေါ်လာ ၉၇ ဘီလျံခန့်သာ လက်ဝယ်ကျန်ရှိကာ ငွေအပ်နှံသူများက အပ်ငွေများပြန်လည်ထုတ်ယူရန် တောင်းဆိုလာကြခြင်းဟု လည်းဆိုသည်။
SVB ဘဏ်ဆိုလျှင် နာရီအနည်းငယ်အတွင်း အပ်ငွေများကို ကြီးမားစွာထုတ်ယူမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ပြိုလဲမှုဖြစ်ခဲ့ရခြင်းဖြစ်သည်။ မတ်လ ၁၅ ရက်အထိ ရက်သတ္တပတ်၌ အမေရိကန်၏ ကြီးမားသော ဘဏ်ကြီးများတွင်မူ ဒေါ်လာ ၆၇ ဘီလျံမှ ဒေါ်လာ ၁၀ ဒသမ ၇၄ ထရီလျံအကြား ငွေထုတ်ယူမှု မြင့်တက်ခဲ့သည်ဟု စာရင်းဇယားများကဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါဆိုးစတင်ဖြစ်ပွားနေချိန်း ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အစောပိုင်းတို့တွင် အမေရိကန်ဘဏ်အပ်ငွေများ လျင်ပြန်စွာမြင့်တက်လာပြီးနောက်ပိုင်းတွင် အမေရိကန်၌ စုစုပေါင်းဘဏ်အပ်ငွေများ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။
Ref– Reuters