၂၅. ၃. ၂၀၂၃
Written By Thandar
၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြိုအဖြစ် ယခင်ရွေးချယ်ခံထားရပြီးသား သူတွေထဲမှာ ရွှေရည်ဝင်းထက်စံက ပြန်လည်လျှောက်ထားခြင်းမရှိဘူးလို့ သိရသလို ရုပ်ရှင်အစည်းအရုံးကလည်း ပြန်လည်လျှောက်ထားဆက်သွယ်မှုမရှိသူတွေကို ရွှေကြိုအဖြစ်ရွေးချယ်မှုမပြုဘူးလို့ သိရပါတယ်။
သူမကလည်း အကယ်ဒမီရွှေကြိုကိစ္စနဲ့ပတ်သတ်ပြီး “ရွှေရည့်အနေနဲ့ ရွှေကြိုကိစ္စမှာ ဘာမှသက်ဆိုင်မှု မရှိတော့ပါဘူးနော်။ သတင်းအမှားတွေ ထင်ယောင်ထင်မှားတင်နေကြတဲ့သူတွေလဲ တော်ကြပါတော့။ (၂၀၁၉ ထဲက အရွေးခံခဲ့ရပြီး အခုမှပြန်ခေါ်တဲ့ List ထဲ နာမည်ပါလာတာပါနော်။ အခုမှ သွားအရွေးခံတာ လုံးဝမဟုတ်သလို ပါဝင်ပတ်သတ်ခြင်းလည်းမရှိပါဘူး) ရွှေကြိုမှာ မပါဝင်ဖြစ်တော့တာ မည်သူတစ်ဦး တစ်ယောက်နဲ့မှ မသက်ဆိုင်ပါကြောင်း” လို့ ရွှေရည်ဝင်းထက်စံက ပရိသတ်သိအောင် လူမှုကွန်ရက်ကတဆင့် ပြောထားပါတယ်။
၂၀၁၉ ခုနှစ်အကယ်ဒမီအတွက် ရွှေကြိုရွေးချယ်ခဲ့သူ ၂၀ ကို ဒီနှစ်မှာကျင်းပမဲ့အကယ်ဒမီအတွက် ရွှေကြို ပြန်လည်လျှောက်ထားဖို့ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ဖိတ်ခေါ်ချိန်မှာ အမျိုးသားအနေနဲ့ ကျော်ဇင်(ခ) ကျော်ဇင်သက်၊ ရဲရင့်စည်သူအောင်၊ ပိုင်အိမ်(ခ)ပိုင်အိကျော်၊ မင်းအာကာ၊ တေဇာဖြိုး တို့ ပြန်လျှောက်ပြီး အမျိုးသမီးအနေနဲ့ ဖူးမြတ်နှင်း၊ ခြူးပြည့်အိမ်စည် နဲ့ ယွန်းဝင့်လွှာအောင် တို့ ၈ ဦးက ပြန်လည်ဆက်သွယ်လာတာကြောင့် ရွှေကြိုအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။
“အရင်ရွှေကြိုရွေးချယ်ပြီးသား အယောက် ၂၀ ထဲက ပြန်လာလျှောက်သူက ၈ ဦးပဲရှိတော့တာပါ။ ပြန်လျှောက်သူ စာရင်းကိုပဲ အတည်ယူထားတာပါ။ စာရင်းမှားလည်း မထုတ်ထားပါဘူး”လို့ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးကပြောပါတယ်။
ရွှေကြိုအဖြစ် ရွေးချယ်ခံရသူတစ်ဦး ၂၀၂၁ ဖြစ်စဥ်က လုပ်ဆောင်မှုတွေ Tik Tok ဗွီဒီယိုတွေ လူမှုကွန်ရက်မှာတင်လာခဲ့ပြီး ဒီဖြစ်စဥ်တွေအပေါ် ဝေဖန်မှုတွေလည်း ဘက်နှစ်ဖက်စလုံးမှာ ရှိနေပါတယ်။
“ဒီရွှေကြိုကိစ္စနဲ့ပတ်သတ်ပြီး စာတင်ဖို့ စိတ်ကူး လုံးဝမရှိခဲ့ပါဘူးနော်။ အခုကသတင်းအမှားတင်သူတွေနဲ့ အခြေအနေ တော်တော်ဆိုးနေတာမို့ ရှင်းရှင်းလင်းလင်းသိရအောင်တင်တာပါ။ အနှောင့်အယှက်ဖစ်သွားရင် အားလုံး ဆောရီးပါ”လို့ ရွှေရည်ဝင်းထက်စံက သူမရဲ့ Comment မှာထပ်ရေးထားပါတယ်။
၂၀၁၉၊ ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်တွေအတွက် အကယ်ဒမီရွှေကြိုမောင်မယ်အသစ်တွေကို လျှောက်လွှာတွေခေါ်ယူထားပြီး မတ်လ ၂၉ ရက်မှာ ၂၂ ဦးကို စိစစ်ရွေးချယ်မှာဖြစ်ကာ ရွှေကြို Final လူရွေးချယ်ပွဲကိုတော့ လာမယ့် ဧပြီလ ၂ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။