MT News
Written by Min Mahar
မတ်လ ၂၄ ရက် နံနက်ပိုင်းက မန္တလေးမြို့တွင် ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အပြင် မပေါက်ကွဲသေးသော ဆိုင်ကယ်ဘတ္ထရီအိုးနှင့်တွဲထားသည့် လက်လုပ်မိုင်း ၂ လုံးကိုလည်းတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၆၄ လမ်းနှင့် ၂၅ လမ်းထောင့်ရှိ ရေမြောင်းဘေး၊ အုတ်ခုံအနီး၌ မတ်လ ၂၄ ရက် နံနက် ၉ နာရီ ၂၀ ခန့်က ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကရောက်ရှိလာပြီး စစ်ဆေးခဲ့ကြရာ မပေါက်ကွဲသေးသော ဆိုင်ကယ်ဘတ္ထရီအိုးနှင့်တွဲထားသည့် ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထားသောလက်လုပ်မိုင်း ၂ လုံးနှင့်အတူ ကီးပတ်ဖုန်း ၂ လုံး၊ ဆားကစ်ပြား ၁ ခုအား တွေ့ရှိခဲ့သောကြောင့် ၁၀ နာရီတွင် သက်မဲ့ပြုလုပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း သိရသည်။
“မနက် ၉ နာရီကျော်လောက်က အုံးဆိုပြီး အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ခဏအကြာမှာ ရဲနဲ့စစ်သားတွေအများကြီးရောက်လာပြီး စစ်ဆေးနေတုန်း နောက်ထပ် မကွဲသေးတဲ့ ဗုံး ၂ လုံးကိုထပ်တွေ့လို့ ဖောက်ခွဲဖျက်ဆီးလိုက်ကြတယ်။ ၁၀ နာရီထိုးချိန်လောက်ဖြစ်မယ်။ အုံးဆိုပြီး အသံ ၂ သံပြန်ကြားရတာပါပဲ။ တကယ့်အထင်ကရနေရာမှာဖြစ်တာ။ အမှတ်(၃)ရဲစခန်းရဲ့ အရှေ့မြောက်ထောင့်လောက်မှာဖြစ်ပြီး နောက်တစ်လမ်းကျော်ဆို အစိုးရတိုင်းဒေသကြီးရုံးလည်းရှိတော့ ခြိမ်းခြောက်တဲ့သဘောမျိုးဖြစ်တယ်လို့မြင်တယ်” ဟုပေါက်ကွဲမှုအနီးနေထိုင်သူတစ်ဦးက ဆိုသည်။
အဆိုပါပေါက်ကွဲမှုနှင့်ဖျတ်ဆီးဖောက်ခွဲခဲ့မှုကြောင့် လူ၊ အဆောက်အဦတစ်စုံ ထိခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်းနှင့် လက်လုပ်မိုင်းထားသွားသူကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့ကာ စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။