MT News
Written by Tha Doe
ထိုင်းအစိုးရ၏ အများပိုင်ကုမ္ပဏီ PTT ကို စင်ကာပူတွင် တရားစွဲမည်ဟု NUG စီမံဘဏ္ဍာဝန်ကြီးဦးတင်ထွန်းနိုင်က မတ်လ ၂၀ ရက်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောအပြီး ထိုင်းရောက် PDF များ ဆက်တိုက်ဖမ်းဆီးခံနေရသည်ဟု ထိုင်းနိုင်ငံတွင် တိမ်းရှောင်နေသူများထံမှ သိရသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်ရှိ မြန်မာအစိုးရအား ခုခံတော်လှန်သည့် PDF အဖွဲ့များ၏ အဆောက်အအုံများအား ထိုင်းအာဏာပိုင်များက မတ်လ ၂၂ ရက်တွင် ဝင်ရောက်စီးနင်းရာ ၈၃ ဦး ဖမ်းမိခဲ့ပြီး NUG ၊ PDF များ၏ ကျည်ဆံများ၊ စစ်ဘက်ကိရိယာများနှင့်ဝတ်စုံများ၊ မောင်းသူမဲ့လေယာဉ်များ၊ အချို့သော အစိုးရဆန့်ကျင်ရေးအဖွဲ့များ၏တံဆိပ်များနှင့် ဆေးဝါးများပါ သိမ်းဆည်းခံခဲ့ရသည်။ ထို့ပြင် လက်ရှိအချိန်တွင် PDF များနှင့် NUG အဖွဲ့ဝင်များကို ဓာတ်ပုံဖြင့်ပါ လိုက်လံဖမ်းဆီးနေသည်ဟုလည်း သိရသည်။
“ထိုင်း၊ မြန်မာနယ်ခြားကော်မတီ တွေ့ဆုံပွဲပြီးတော့ မဲဆောက်မှာ အဖမ်းအဆီးတွေ စကြမ်းလာတာပါ။ ပုံတွေပြ ဖမ်းနေတာမို့ သတိထားတာ မမှားပါဘူး”ဟု ထိုင်းရောက် မြန်မာများအရေး လုပ်ဆောင်ပေးသည့် Myanmar Humanitarian Action Centre မှ ကိုရဲမင်းက ဆိုသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူအများစုမှာ မြန်မာအစိုးရကို တော်လှန်သူများ၊ ဒုက္ခသည်များအဖြစ် အသွင်ယူကာ အမေရိကန်၊ နယူးဇီလန်၊ ဂျာမနီ၊ အင်္ဂလန် စသောနိုင်ငံကြီးများသို့ သွားရောက်ကြမည်ဖြစ်သဖြင့် SAC အစိုးရကို ဆန့်ကျင်သော အထောက်အထားများ၊ ဓာတ်ပုံများလည်း သက်သေတင်ပြမှုများ ယင်းတို့တွင် ရှိကြသည်။ ထို့ကြောင့် မဲဆောက်ခရိုင် တစ်ခုအတွင်းပင် မြန်မာနိုင်ငံမှ အစိုးရဆန့်ကျင်ရေးအုပ်စုများ၏ အဖွဲ့ဝင် ၅၀,၀၀၀ ခန့်က အလုပ်မျိုးစုံလုပ်နေကြကြောင်း၊ အချို့ဆိုလျှင် စားသောက်ဆိုင်များ၊ ဈေးဆိုင်များဖွင့်ထားကြကြောင်း၊ အချို့က အိမ်များ၊ ဟိုတယ်များတွင် ငှားရမ်းနေထိုင်ကြကြောင်း Matichon သတင်းစာက ဖော်ပြခဲ့သည်။ ထိုင်းတာဝန်ရှိသူများက အဆိုပါ မြန်မာနိုင်ငံသား ဥပဒေနှင့်မညီ ရွှေ့ပြောင်းနေထိုင်ရောက်ရှိနေကြသူများသည် အချို့သော ပြည်ပအဖွဲ့အစည်းများမှအထောက်အပံ့များရနေကြောင်းပြောခဲ့သည်။
“တချို့လူတွေ ဓာတ်ပုံနဲ့ လိုက်တယ်ဆိုတာက NUG က ခေါင်းဆောင်ပိုင်းတွေကို ထိုင်းဘက်က သိနေတာရော၊ မြန်မာအစိုးရဘက်က ဒီလူတွေက တရားခံပြေး၊ အကြမ်းဖက်သမားတွေဆိုပြီး ဝရမ်းထုတ်ထားတဲ့ပုံတွေနဲ့ ဖမ်းခိုင်းတာရော Safe House မှာ လူ ၁၀၀ လောက် အဖမ်းခံလိုက်ရတာရောကြောင့် အကုန်လုံးက ရှောင်နေရတာ။ ခေါင်းဆောင်ပိုင်း(NUG) က တချို့လူတွေကတော့ မြဝတီဘက် ကမ်းကူးသွားပြီး တောထဲက စခန်းတွေမှာ ပြန်နေကြတယ်”ဟု မဲဆောက်သို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ထိုင်းအစိုးရအနေဖြင့် မြန်မာနှင့်နယ်စပ်ဒေသများသာမက ဘန်ကောက်မြို့အထိပါ တင်းကျပ်စွာ စစ်ဆေးမှုများပြုလုပ်နေပြီး ထိုအခြေအနေများကြောင့် ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများ ကြားမညပ်ရန်လည်း သတိပေးနေရသည်ဟု ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
“မြန်မာရဲချုပ်လည်း ထိုင်းရောက်နေတယ်ပြောတာပေါ့။ အဲဒီမှာ နေရာအနှံအပြားကို တင်းတင်းကျပ်ကျပ်စစ်နေတာ။ ဒီတော့ ဘယ်ဘက်ကမှမပါဘဲ ကိုယ့်အလုပ်ကိုယ်လုပ်နေသူတွေကြားထဲကမခံရအောင် သတိပေးနေရတယ်”ဟု MT News သို့ ပြောသည်။