MT News
Written By Thandar
Hidden Jewel Little Mister & Miss International 2023 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်ခြင်းနဲ့ ပါဝင်ဆောင်ရွက်မယ့် ဒိုင်များမိတ်ဆက်ခြင်းအခမ်းအနားကို မတ်လ ၂၄ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ Yamakar Bar မှာကျင်းပခဲ့ပါတယ်။
Soe San Event Production & Agency ရဲ့ မူပိုင်ပွဲဖြစ်တဲ့ Hidden Jewel Mister & Miss ပြိုင်ပွဲဝင်တွေကို ထူးချွန်ထက်မြတ်တဲ့ Talent တွေ ရွေးချယ်ပြီး မြန်မာနိုင်ငံသာမကဘဲ ပြည်ပနိုင်ငံကိုပါသွားရောက်ယှဉ်ပြိုင်ဖို့ ထောက်ခံချက်ပေးအပ်သွားမယ်လို့ သိရပါတယ်။
“ဒီနေ့က လေးစားရတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကို မိတ်ဆက်ပေးတာပါ။ သော်တို့ မြန်မာနိုင်ငံမှာ အစဉ် အလာအရမ်းပျက်လာတဲ့ Miss တွေရဲ့ အထာတွေရှိတယ်။ ပြိုင်ပွဲလုပ်မှ သူဟာဘယ်သူမှန်းမသိဘူး။ ဒိုင်လုပ်တော့မှ မြင်တယ်။ ထိုင်ခုံမှာထိုင်နေတယ်။ ဒါဘယ်ကဟာမှန်းမသိအောင် အရမ်းများလာတယ်။ Miss တွေများလာချိန်မှာ ဒီပွဲဒိုင်ထိုင်မယ့်သူတွေရဲ့ တန်ဖိုးကိုပြချင်လို့ မိတ်ဆက်ပွဲလုပ်လိုက်တာပါ။ ဒိုင်ကို မိတ်ဆက်သလို ပွဲ Title မိတ်ဆက်တာပါ”လို့ Soe San Event Production & Agency က စီစဉ်သူ သော်သော်က ပြောပါတယ်။
အဆိုပါ ပြိုင်ပွဲအတွက် ဒိုင်များအဖြစ် Makeup Designer မနိုနို ၊ Designer မမေမြတ်ဝါဆို ၊ Hair Designer ချန်လုံး ၊ Model Trainer အောင်ပိုင်၊ မိတ်ကပ် အန်တီမင်း ၊ Soe San Event Production & Agency က Founder သော်သော်တို့က ပါဝင်ဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ပါဝင်နိုင်မယ့် အသက်အရွယ်အုပ်စုအဖြစ် Group A အနေနဲ့ အသက် ၄ နှစ်ကနေ ၆ နှစ် ၊ Group B အနေနဲ့ အသက် ၇နှစ်ကနေ အသက် ၁၀ နှစ် ၊ Group C အနေနဲ့ အသက် ၁၁ နှစ်ကနေ အသက် ၁၃ နှစ် ၊ Group D အနေနဲ့ အသက် ၁၄ နှစ်ကနေ အသက် ၁၆ နှစ်အထိ Group အသီးသီးကနေ အဆင့်ဆင့် Winner ကိုရွေးချယ်သွားမှာဖြစ်ပါတယ်။ ဒီရွေးချယ်ခံရသူ Winner ဆုရှင်တွေကို တရုတ်၊ မလေးရှား ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံစတဲ့ နိုင်ငံတွေမှာကျင်းပမယ့် International ပြိုင်ပွဲတွေဆီ စေလွှတ်သွားမယ်လို့ သိရပါတယ်။
Hidden Jewel ခေါင်းစဉ်နဲ့ နောင်လာမယ့် အနာဂတ်မှာ မြန်မာနိုင်ငံမှာ အိမ်ရှင်အနေနဲ့ International ပြိုင်ပွဲကြီးကို လက်ခံကျင်းနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။