၂၅. ၃. ၂၀၂၃
Written by Thettant
တက္ကစီငှားစီးသည့် အမျိုးသမီးငယ်များကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်သည့် တက္ကစီ KYN FF/9939 ဟုဆိုကာ လူမှုကွန်ရက် Facebook တွင် သတင်းဆိုးများဖြင့် ပျံ့နှံ့လာပြီးနောက် သက်ဆိုင်ရာက ထို တက္ကစီမောင်းနှင်သူကို လိုက်လံစစ်ဆေးရာ အငှားယာဥ်မောင်းမှာ ထွက်ပြေးသွားသော်လည်း ယာဥ်ကိုမူ ရဲစခန်းတွင် ထိန်းသိမ်းခံထားရ၍ နစ်နာမှုများ ဖြစ်ပေါ်ရကြောင်း FF/9939 ယာဥ်ပိုင်ရှင်က ပြောသည်။
ထိုဖြစ်စဥ်မှာ “H…………t” အမည်ရှိ အမျိုးသမီးငယ်တစ်ဦးက ထို FF/9939 အငှားယာဥ်ကို မတ် ၂၀ ရက်တွင် ငှားရမ်းစီးစဥ် ယင်းယာဥ်မောင်းက အမျိုးသမီးအသိတင်မည်ဆိုကာ အမျိုးသားတစ်ဦးလူပိုတင်သည့်အပြင် အမျိုးသမီးငယ်ကို ရိသဲ့သဲ့ပြောကာ ကားရပ်ပေးရန်ပြောသော်လည်း ရပ်မပေးဘဲ ကားမောင်းပြေးရန် ကြိုးပမ်းခြင်း၊ အမျိုးသမီးငယ်က ကားပေါ်မှခုန်ဆင်းရာ ထိခိုက်ဒဏ်ရာရချိန်တွင် ရိုက်နှက်ရန်ကြိုးပမ်းခြင်း စသည်ဖြင့် စော်ကားမှုပြုလုပ်ခဲ့သည်ဟု ရေးသားခံရမှုအပြင် “S…………..e” ဆိုသည့် အမျိုးသမီးကလည်း ထို Taxi ငှားစီးချိန် အငှားယာဥ်မောင်း၏ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို မတ် ၁၃ ရက်တွင် ရေးသားခဲ့မှုမှာလည်း ပြန်လည်လူသိများလာခဲ့ပြီးနောက် Share သူအများအပြားက ယင်းယာဥ်မောင်းကို ဖမ်းဆီးစစ်ဆေးသင့်ကြောင်း ရေးသားတောင်းဆိုမှုပြုလာချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံစစ်ဆေးမှုပြုလုပ်ရာ ယာဥ်အား ဖမ်းမိသော်လည်း အငှားယာဥ်မောင်းမှာမူ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ Probox KYN FF/9939 ယာဥ်မှာ တာမွေမြို့နယ် အရိုးကုန်းလမ်းနေ ဦးဖာရွတ် ပိုင်ဆိုင်သည့် ယာဥ်ဖြစ်ပြီး ဦးဖာရွတ်က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းနေသူ သန်းထွေး (၄၀ နှစ်) အား စပေါ်ငွေ ကျပ် သုံးသိန်း၊ တစ်ရက်လျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ငှားရမ်းပေးခဲ့ရာမှ လူမှုကွန်ရက်တွင် အငှားယာဥ်မောင်းသန်းထွေးက ယာဥ်စီးနင်းသူ ခရီးသည်အမျိုးသမီးငယ်များအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှု၊ နှောင့်ယှက်မှုများ သတင်းထွက်ပေါ်လာ၍ ယာဥ်အား ပြန်လည်သိမ်းဆည်းအပြီး နှစ်ရက်အကြာတွင် ထိုသို့ ယာဥ်အား ရဲစခန်းက သိမ်းဆည်းခဲ့ခြင်းဖြစ်ကာ ယာဥ်မောင်း သန်းထွေးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
“မရမ်းကုန်းရဲစခန်းက သိမ်းထားတာပါ” ဟု ယာဥ်ပိုင်ရှင်၏ သမီးဖြစ်သူ မနှင်းရတနာဝင်းက MT News ၏ မေးမြန်းမှုကို ဖြေဆိုသည်။
ထို့အပြင် Probox Taxi KYN FF/9939 ယာဥ်ပိုင်ရှင်၏ သမီးဖြစ်သူ မနှင်းရတနာဝင်းက “Online တွင် ပျံ့နှံ့နေသော FF/9939 Taxi ၏ Owner မှာ ကျွန်မအမေ ကိုယ်တိုင်ဖြစ်ပါတယ်။ ယခုမသမာမှုတွင်လည်း အငှားယာဥ်မောင်းရဲ့ မသမာမှုကြောင့်သာဖြစ်ပါတယ်။ ယခုတွင် ထိုယာဥ်မောင်းက ထွက်ပြေးတိမ်းရှောင်နေပါတယ်။ FF/9939 Probox Taxi ကိုလည်း စခန်းမှ သိမ်းထားပါတယ်။ ယခု ဖြစ်စဥ်တွင် Owner သည် အငှားယာဥ်မောင်း၏ အကျင့်စာရိတ္တကို အတွင်းကျကျတော့ မသိနိုင်သည့်အတွက် Owner ဘက်မှ များစွာ နစ်နာပါတယ်။ FF/9939 ကို ရှောင်ရမည့်အစား ထိုယာဥ်မောင်း အမြန်ဆုံး ဖမ်းမိရန် အရေးကြီးပါသည်။ ယခု Post အား Share ပေးချင်းဖြင့် ကူညီပေးပါ” ဟု လူမှုကွန်ရက်တွင် အကူအညီတောင်းခံထားသည်။