MT News
Written by Thettant
လိုင်စင်မဲ့မော်တော်ယာဥ်ပပျောက်ရေး စီမံချက်ချ ဆောင်ရွက်နေပြီး ဖမ်းမိသည့်မော်တော်ယာဥ်များကို ဖျက်ဆီးဆောင်ရွက်နေသည်ဟု မတ်လ ၂၄ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
မော်တော်ယဉ်စည်းကမ်းထိန်းသိမ်းမှုနှင့်ပတ်သက်၍ လိုင်စင်မဲ့မော်တော်ယာဉ်များပပျောက်စေရေး နိုင်ငံတော်အနေဖြင့် စီမံချက်ချ၍ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များကိုလည်း ဖျက်ဆီးဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူလိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ တရားမဝင်တင်သွင်းမှု၊ ရောင်းချမှုနှင့် စီးနင်းမှုများမဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ တင်သွင်းခြင်း၊ ရောင်းချခြင်းနှင့် စီးနင်းခြင်းများကြောင့် နိုင်ငံတော်၏ အခွန်ငွေများကို ထိခိုက်စေသကဲ့သို့ အကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ရာတွင် အဆိုပါလိုင်စင်မဲ့ယာဉ်များကို အသုံးပြုခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုလုပ်ငန်းစဉ်များကို ထိခိုက်စေလျက်ရှိကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်းနှင့် ယာဉ်နံပါတ်ပြားများကိုလည်း ပုံစံသစ်လဲလှယ်တပ်ဆင်အသုံးပြုရေးကြပ်မတ်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား လမ်းညွှန်မှာကြားခဲ့သည်။