၂၅. ၃. ၂၀၂၃
Written by Hey Mar
ယမန်နေ့ မတ်လ ၂၄ ရက် ည ၉ နာရီဝန်းကျင်ခန့်က သာကေတမြို့နယ် ဧရာ၀ဏ်လမ်းမကြီး ၈ ထိပ်အနီးတွင် သုံးဘီးဆိုက်တွဲနှင့် တက္ကစီကားတစ်စီး မျက်နှာချင်းဆိုင် ၀င်တိုက်မှုဖြစ်ပွားခဲ့ပြီး သုံးဘီးမောင်းသူ သေဆုံးခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
သုံးဘီးမောင်းသူမှာ အသက် ၄၀ ခန့်ရှိပြီဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေရာတွင်ပင် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း အဆိုပါအသင်းမှ သိရသည်။
“ကျွန်တော်တို့ရောက်သွားတော့ တိုက်တဲ့ကားက သပ်သပ် ဆိုက်တွဲနဲ့ လူနာနဲ့က သပ်သပ်ဖြစ်နေပြီ ၊ ရဲမှုခင်းဖြစ်နေတော့ သေချာတော့မသိရဘူး။ ဆိုက်တွဲက လမ်းထဲကို ကွေ့အဝင်၊ တက္ကစီက တည့်အလာနဲ့ တိုက်မိတာလို့ကြားတယ်။ တက္ကစီယာဥ်ကတော့ ရှေ့ခေါင်းပိုင်းထိထားတယ်။ ယာဥ်မောင်းတော့မတွေ့တော့ဘူး။ ဆိုက်တွဲကတော့ ဘေးက အတွဲပဲ အကောာင်းကျန်တယ်။ ဆိုင်ကယ်က ရစရာမရှိဘူး။ ကျွန်တော်တို့ ရောက်တော့ လူနာကို ကြိုးစားအသက်ကယ်ပေမယ့် မရလိုက်ဘူး ပေါ့”ဟု သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူ၏ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ သူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။