မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကြောင့် လာရောက်မဖျော်ဖြေရေး YRF က Yellow Claw ကဲ့သို့ပင် ကန့်ကွက်စာ ပေးပို့ရန် တောင်းဆို
၂၅. ၃. ၂၀၂၃
Written by Thettant
ယခုနှစ် မဟာသင်္ကြန်ကာလ ရန်ကုန်မြို့တွင် Hexagon Complex က ကျင်းပမည့် Myanmar Thingyan Music Festival ၌ ပါဝင်မည့် ကမ္ဘာကျော် DJ အဖွဲ့ဖြစ်သော Vini Vici အဖွဲ့သည် ဧပြီ ၁၅ ရက်နှင့် ၁၆ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည်ဖြစ်သည်။
ပြီးခဲ့သည့် လကလည်း မြန်မာ့မဟာသင်္ကြန်တွင် လာရောက်ဖျော်ဖြေမည့် ကမ္ဘာကျော် Yellow Claw အဖွဲ့အား မြန်မာ့လက်ရှိအခြေအနေများကြောင့် လာရောက်ဖျော်ဖြေမှုမပြုရန် Yangon Revolution Force က တောင်းဆိုခဲ့သော်လည်း Yellow Claw ကမူ အဖက်လုပ်တုံ့ပြန်ခဲ့မှုမရှိချေ။
ထို့ပြင် Vini Vici ကလည်း ယခုနှစ်မဟာသင်္ကြန်ကာလ ဧပြီ ၁၅ ရက်နှင့် ၁၆ ရက်တွင် လာရောက်ဖျော်ဖြေမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကြောင့် Vini Vici က လာရောက်မဖျော်ဖြေပါရန်၊ ပြည်သူလူထုအနေဖြင့် ကန့်ကွက်စာပေးပို့ကြပါရန် Yangon Revolution Force က ယခင် ကမ္ဘာကျော် DJ အဖွဲ့ဖြစ်သည့် Yellow Claw ကို ကန့်ကွက်သကဲ့သို့ပင် တောင်းဆိုခြင်းဖြစ်သည်။
Myanmar Thingyan Music Festival ကို ကျင်းပမည့် Hexagon Complex သည် ကမ္ဘာကျော် DJ အဖွဲ့များစွာကို ငှားရမ်းထားပြီး လက်ရှိအချိန်တွင် လက်မှတ်များကို Early Bird အနေဖြင့် ရောင်းချနေကာ ရိုးရိုးလက်မှတ်တစ်စောင် ကျပ် ၆၀၀၀၀၊ VIP အတွက် ကျပ် ၁၂၀၀၀၀ ဖြင့် ရောင်းချနေသည်ဟု သိရသည်။