MT News
၂၅. ၃. ၂၀၂၃
မြဝတီကုန်သွယ်ရေးဇုန်အား KNU/PDF ပူးပေါင်းအဖွဲ့များက ယနေ့နံနက်တွင် လာရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများထံမှ ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ မတ်လ၂၅ ရက် နံနက် ၅ နာရီခန့်တွင် မြဝတီ၊ မဲကနယ်အုပ်စု၌ KNU/PDF ပူးပေါင်းအဖွဲ့နှင့်တပ်မတော်၊ BGF တို့ တိုက်ပွဲဖြစ်လျက်ရှိပြီးယခုအချိန်ထိလက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်လျက်ရှိနေသည်ဟု သိရသည်။ ထို့နောက် နံနက် ၆ နာရီခွဲခန့်မှ စတင်ကာမြဝတီ သင်္ဃန်းညီနောင် ရဲစခန်းရှေ့၊ သင်္ဃန်းညီနောင် သက်သက်လွတ်ကျောင်းရှေ့တို့တွင်လည်း KNU+ PDF များ ရောက်ရှိလာသဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။ ထို့ပြင် မြဝတီကုန်သွယ်ရေးဇုန်တွင်ပါ တိုက်ပွဲဖြစ်ပွားလျက်ရှိဟု သိရပြီး မီးလောင်ကျွမ်းမှုများလည်း ရှိနေသည်ဟု သိရသည်။
“မနက်အစောကြီးကတည်းက တိုက်ပွဲဖြစ်နေလို့ ကျွန်တော်တို့ အတက်ကားတွေ ဆက်တက်မလာဖို့ လှမ်းအကြောင်းကြားလို့ ကျွန်တော်တို့ ဆက်မတက်ဘဲ ရပ်နေတာ။ သိရသလောက်ကတော့ KNU နဲ့ PDF တွေ လာတိုက်လို့ ပြန်တိုက်နေတာ။ အခု မြဝတီကုန်သွယ်ရေးဇုန် လက်နက်ကြီးနဲ့အထုခံရပြီး မီးလောင်နေတာလို့လည်း သိရတယ်။ တံတားကြိုးဂိတ်လည်း ပိတ်ထားတာ။ အခု ၈ နာရီကျော်အထိ တိုက်ပွဲတွေဖြစ်နေတုန်းပဲ” ဟု မြဝတီ-ရန်ကုန် ကုန်တင်ယာဥ်မောင်းတစ်ဦးက MT News သို့ ပြောသည်။
MT News သတင်းဌာနအနေဖြင့် တိုက်ပွဲဖြစ်စဥ်များကို ဆက်လက်စောင့်ကြည့်နေပြီး ထပ်မံအတည်ပြုသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။