၂၄. ၃. ၂၀၂၃
Written By Thandar
ပရိသတ်အားပေးမူရရှိထားတဲ့ သရုပ်ဆောင် နော်ဖောအယ်ထားကတော့ သူမကခံစားချက်တွေကို မြိုသိပ်ထားတတ်သလို အပြင်မှာလည်း အနုပညာစလုပ်တည်းက သူမ Life နဲ့ပတ်သက်ပြီး ပရိသတ်တွေကို သိပ်ပြီးချမပြခဲ့ဘူးလို့ ဆိုပါတယ်။
သူမက လက်ရှိမှာ မီးမီးမွှေးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးနေတဲ့ “ကျွန်မခင်ပွန်း၏ လျှို့ဝှက်ချက်” ဇာတ်လမ်းတွဲမှာ တစ်ခါမှမလုပ်ဖူးသေးတဲ့ ဇာတ်ကောင်ဖြစ်သလို ကိုယ်တိုင်လည်းရိုက်ကြည့်ချင်တဲ့ဇာတ်ကောင်ဖြစ်လို့ လက်ခံရိုက်ကူးနေတယ်လို့ ဆိုပါတယ်။
“အိမ်ထောင်ရှင်အမျိုးသမီးနေရာကနေ ပထမဆုံးသရုပ်ဆောင်ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားမှာတော့ နော်ဖောကို အရင်ကလို သွက်သွက်လက်လက်ပုံစံမျိုးမဟုတ်ဘဲ နည်းနည်းလေးလောင်တဲ့ ဇာတ်လမ်းမျိုးလေးပါ။ အေးအေးလေးနဲ့ လောင်နေတဲ့ဇာတ်မျိုးပေါ့။ ဒီဇာတ်လမ်းထဲမှာ နော်ဖောက ကိုယ်ဖြစ်ချင်တာတွေကိုပြောခွင့်မရှိဘူး။ ချစ်လွန်းလို့ ကိုယ်ချစ်တဲ့အမျိုးသားကို အရမ်းချစ်လွန်းတဲ့အတွက် နားလည်ရင်း သည်းခံရင်း ကိုယ်ခံစားချက်တွေကိုပြောမထွက်တဲ့ အမျိုးသမီး တစ်ယောက် နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာပါ”လို့ နော်ဖောအယ်ထားက ပြောပါတယ်။
“ကျွန်မခင်ပွန်း၏ လျှို့ဝှက်ချက်” ဇာတ်လမ်းတွဲမှာ အိမ်ထောင်သည်ဇာတ်ရုပ်က အသက်အရွယ်တစ်ခုမှာ ရိုက်ဖို့စဥ်းစားထားလို့ အခုအချိန်ဇာတ်ကားရောက်လာတာ နည်းနည်းလေးတော့ စောနေတာကြောင့် ဒီဇာတ်ရုပ်အတွက် အများကြီးလေ့လာထားသလို အများကြီးလည်း ပြင်ဆင်ထားပါတယ်လို့ သိရပါတယ်။
“ဒီဇာတ်လမ်းထဲကဇာတ်ကောင်က သူ့ခံစားချက်တွေကို မြိုသိပ်ထားသလို အပြင်မှာလည်း နော်ဖောက အနုပညာစလုပ်ကတည်းက ကိုယ့် Life နဲ့ပတ်သက်ပြီး ပရိသတ်တွေကို သိပ်ပြီးချမပြခဲ့ဘူး။ ကိုယ့်အနုပညာနဲ့ အပျော်လေးတွေပဲ ချပြခဲ့တာ။ မြိုသိပ်ထားတယ်ဆိုတာကလည်း နော်ဖောအနေနဲ့ မိသားစုကိစ္စတွေမှာဆိုလည်း ပြဿနာဖြစ်ပြီဆိုလည်း မပြောပြတတ်ဘူး။ ကိုယ့်ဘာသာဖြေရှင်းပြီးမှ ပြေလည်သွားပြီဆိုတာမျိုး ပြောဖြစ်တာမျိုးပေါ့။ အိမ်မှာက ပြဿနာဖြစ်ရင်ကိုယ်ကပဲ ဦးဆောင်ဖြေရှင်းရတာမျိုးဆိုတော့ သိပ်မပြောပြဖြစ်ဘူး”လို့ သူမကဆက်ပြောပါတယ်။