၂၄. ၃. ၂၀၂၃
Written by Hey Mar
ယနေ့နေ့လည် ၂ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊ ခင်လူးလေးကျေးရွာအုပ်စု၊ ပန်းလောင်မြစ်အနီးရှိ ကော်စေ့စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၁ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။
မီးလောင်မှုကို ကျောက်ဆည်ခရိုင်/မြို့နယ်မီးသတ်စခန်း၊ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်း၊ စကားအင်းမြို့နယ်မီးသတ်စခန်း၊ အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဥ်များဖြင့် level 2 အဆင့် ငြှိမ်းသတ်ခဲ့ရသည်ဟု ပြည်ကြီးတံခွန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
“ကော်စေ့တွေမို့ လောင်အားများလို့ level 2 နဲ့ ငြှိမ်းသတ်ခဲ့ရပါတယ်။ ညှော်နံ့တွေကြောင့် လူမှုကူညီရေးအသင်းတွေက အောက်စီဂျင် အကူအညီပေးရတာတွေရှိပေမယ့် ကြီးကြီးမားမား ထိခိုက်တာမရှိပါဘူး”ဟု အဆိုပါတာဝန်ရှိသူမှ ဆိုသည်။
မွန်းလွဲ ၂ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး ထိခိုက်ပျက်စီးမှုနှင့် စတင်လောင်ကျွမ်းမှု ဖြစ်စဥ်ကို စိစစ် စစ်ဆေးဆဲဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်း တာဝန်ရှိသူထံမှ သိရသည်။