၂၄. ၃. ၂၀၂၃
Written by Pan Ei
ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ အထူးသဖြင့် ဗီဒီယိုမျှဝေတဲ့ Tik Tok လို ပလပ်ဖောင်းတွေမှာ အစားအသောက်နဲ့ ပတ်သက်တဲ့ ဘလော့ဂ်တွေ၊ အလှအပရေးရာ၊ ဖက်ရှင်ပိုင်းဆိုင်ရာ ဘလော့ဂ်တွေ၊ ကျွမ်းကျင်မှုရှိတဲ့ နယ်ပယ်က အကြောင်းအရာတွေကို ဘလော့ဂ်ရိုက်ကူးကာ မျှဝေလေ့ရှိတဲ့ လူတွေနဲ့ ပြည့်နှက်လေ့ရှိကြပေမဲ့ ဖင်လန်နိုင်ငံသူ အော်ရီကာနာနမ် ကတော့ အညစ်ပတ်ဆုံးအိမ်တွေကိုလိုက်ရှာပြီး သန့်ရှင်းရေးလုပ်တဲ့ ဘလော့ဂ်တွေ ရိုက်ကူးတဲ့ “Cleaninfluencer” တစ်ဦး ဖြစ်ပါတယ်။
အော်ရီကာနာနမ်ဟာ “သန့်ရှင်းရေးလုပ်ရတာကို နှစ်သက်တယ်၊ အညစ်အကြေးတွေကို ကြိုက်တယ်”လို့ ဆိုပြီး အညစ်ပတ်ဆုံးဖြစ်နိုင်တဲ့ အိမ်တွေကို ရှာဖွေဖို့ ကမ္ဘာအနှံ့သွားလေ့ရှိပါတယ်။ သူမဆီမှာ ဖော်လိုဝါ ၁၉ ယောက်ပဲရှိစဉ်ကတည်းက သူမ သန့်ရှင်းရေးလုပ်တာတွေကို သူစိမ်း ၁၉ ယောက်က မြင်ချင်ကြတဲ့အတွက် အရမ်းမိုက်တယ်လို့ ထင်ခဲ့တယ်လို့ ဆိုပါတယ်။
သူမဟာ ဂျပန်နိုင်ငံက ကျော်ကြားပြီး ကမ္ဘာတစ်ဝှမ်းမှာ သန့်ရှင်းရေး ဂုရုကြီးလို့ သတ်မှတ်ထားကြတဲ့ မာရီကွန်ဒို ထက် ဆိုရှယ်မီဒီယာမှာ ဖော်လိုဝါပိုများပြီး တစ်ခ်တော့ခ်မှာ ဖော်လိုဝါ ကိုးသန်းနဲ့ ယူကျူ့မှာ ဖော်လိုဝါ နှစ်သန်းရှိပါတယ်။
ဒါ့အပြင် ကုန်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတွေကလည်း သူတို့ရဲ့ ထုတ်ကုန်တွေကို ဗီဒီယို ရိုက်ကူးတဲ့နေရာမှာ အသုံးပြုပါက သူမကို ဗီဒီယိုတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၇၂၀ နဲ့ ၁၂၀၀ ကြား ပေးအပ်တယ်လို့လည်း သိရပါတယ်။
သန့်ရှင်းရေးဟာ လူ့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာနဲ့အတူ ဆိုရှယ်မီဒီယာတွေဟာလည်း တစ်နေ့တခြားပိုမိုထွန်းကားလာသလို သူမရဲ့ ဗီဒီယိုတွေက ရေပန်းစားလျက်ရှိပြီး ဆိုရှယ်ပလက်ဖောင်းပေါ်မှာ အကြောင်းအရာအသစ်တွေ ရိုက်ကူးဖို့ကို လှုံ့ဆော်ပေးလျက်ရှိနေပါတယ်။
Ref; NDTV