၂၄. ၃. ၂၀၂၃
Translated by Htwe Ko Tun
ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် မတ်လ ၂၄ ရက် မွန်းလွဲပိုင်းက ကွမ်တုံခရိုင်အဝင် ဥမင်တစ်ခုအတွင်း ယာဉ်ငါးစီးဆင့်၍ တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၈၅ ဦး ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြောခဲ့ကြသည်။
ယာဉ်တိုက်မိမှုတွင် လူစီးဘတ်စ်ကားလေးစီးနှင့် ထရပ် ကားတစ်စီးပါဝင်ကြပြီး ဒေသစံတော်ချိန် မွန်းလွဲတစ်နာရီမထိုးမီ ကွမ်တုံဥမင်အဝင်အနီး Tseung Kwan O ဥမင်လမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးက ဒဏ်ရာရသူများအနက် ၇၀ ကျော်မှာ အသက်အန္တရာယ်မစိုးရိမ်ရသော အသေးစားဒဏ်ရာရရှိမှုများဖြစ်ကြပြီး အခြား ၁၅ ဦးမှာ ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ကျောင်းသူကျောင်းသားလေးများကို ရှေးဦး သူနာပြုစုနည်းဖြင့်ကုသပေးခဲ့ကြောင်း ပြောခဲ့သည်။ ဒဏ်ရာပြင်းထန်သူများကို ဆေးရုံသို့ ချက်ချင်းပို့ပေးခဲ့သည်ဟုလည်း ဆိုသည်။
ဘတ်စ်ကားများအနက် ထိပ်ဆုံးမှမောင်းနှင်လာသောကားက ရုတ်တရက်ရပ်ခဲ့ရာတွင် ကျန်ကားများက ဆင့်ကဲတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ကမူ ယာဉ်တိုက်မှုအတွက် မည်သူ့ကိုမျှဖမ်းဆီးထားခြင်းမရှိကြောင်းနှင့် အကြောင်းရင်းကို အသေးစိတ်စုံစမ်းနေကြောင်း ပြောခဲ့သည်။
Ref—-SCMP